မြဝတီမြို့နယ် ရွှေကုက္ကိုမှာ ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားနေပြီး သုံးဦး သေဆုံးကာ ၅၆ ဦးမှာ အရေးပေါ်အခြေအနေ ရှိနေ
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၂ ၊ ၂၀၂၄

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ ပြင်းထန်ကာလဝမ်းရောဂါ ဖြစ်ပွားနေပြီး လူ ၃ ဦး သေဆုံးကာ ၅၆ ဦး အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကာလဝမ်းရောဂါဖြစ်ပွားသူ လူ ၃၀၀ ထက်မနည်း ရှိနေပြီး ရွှေကုက္ကိုမှာရှိတဲ့ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့လည်း ထိုင်းသတင်းဌာန Thai PBS က ဖော်ပြထားပါတယ်။
ပြင်းထန်ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေတာကြောင့် လက်ရှိအခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရွှေကုက္ကိုဆေးရုံ တာဝန်ရှိသူတွေက လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးဝါးအထောက်အကူပြုပစ္စည်းတွေရရှိဖို့ ထိုင်းနိုင်ငံ မယ်ရမတ်ဆေးရုံကို အကူအညီတောင်းထားလည်း ရှိနေပါတယ်။ ရွှေကုက္ကိုဆေးရုံ တာဝန်ရှိသူတွေရဲ့ တောင်းဆိုမှုကို မယ်ရမတ်ဆေးရုံကလည်း ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရွှေကုက္ကိုဒေသမှာ ကာလဝမ်းရောဂါဖြစ်ပွားတာကြောင့် ကပ်လျက်ရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ် ကျေးရွာတွေက နှစ်ဖက်နယ်စပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကူးသန်းသွားလာတာမျိုး ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက တားမြစ်ထားပါတယ်။ လက်ရှိ ကာလဝမ်းရောဂါ ခံစားနေရသူအချို့ကိုလည်း မယ်ရမတ်ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူနေသူတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရွှေကုက္ကိုကနေ ထိုင်းဘက်ခြမ်းကို တရားမဝင် ဝင်ရောက်လာသူတွေကို မယ်ရမတ်ခရိုင် မယ့်ချာရွန်မြို့နယ် ဝမ်ဖကျေးရွာက ကျန်းမာရေးဆိုင်ရာ စေတနာဝန်ထမ်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက အလေးထားစောင့်ကြည့် တားဆီးစစ်ဆေးပြီး ဒေသခံပြည်သူတွေကိုလည်း အသိပေးနှိုးဆော်တာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် နယ်စပ်အနီး ကျေးရွာတွေမှာရှိတဲ့ ထိုင်းပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ မြန်မာဘက်ခြမ်းကို မသွားဖို့ကိုလည်း အသိပေးထားပါတယ်။
ပြင်းထန်ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို ဝမ်ဖကျေးရွာတစ်ဖက်ကမ်း မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် နှစ်ဖက်ဒေသခံပြည်သူတွေ ကူးသန်းသွားလာမှုကို တစ်လခန့် မလုပ်ဆောင်ဖို့ နယ်စပ်လုံခြုံရေးအဖွဲ့က တားမြစ်ခဲ့ပြီး ကုန်စည်ပို့ဆောင်သူတွေအနေနဲ့လည်း ဒေသဆိုင်ရာအဖွဲ့တွေထံ အကြောင်းကြားပြီးမှသာ သွားလာရမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပြင်းထန်ကာလဝမ်းရောဂါအခြေအနေနဲ့ပတ်သက်ပြီး စတင်ဖြစ်ပွားရတဲ့အကြောင်းရင်းကို မသိရှိရသေးဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာ Dr. Suphot Wechaphanphet ကလည်း ပြောပါတယ်။ လက်ရှိ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးရေးနဲ့ ကုသရေးလုပ်ဆောင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန ရောဂါရှာဖွေ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကိုလည်း မယ်ရမတ်ဆေးရုံကို စေလွှတ်ထားတယ်လို့ သိရပါတယ်။







Comments