မြဝတီမှာ ဓာတ်ဆီတစ်လီတာကို ၁၈၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေ
- BVJ

- Feb 15
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့မှာ လောင်စာဆီဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်နေပြီး အပြင်ဈေးကွက်မှာ ဓာတ်ဆီတစ်လီတာကို မြန်မာငွေကျပ် ၁၃၀၀၀ ကနေ ၁၈၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှုတွေ ရှိနေတယ်လို့ မြဝတီဒေသတွေဆီက သိရပါတယ်။
အခုလဆန်းပိုင်း ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံဘက်က ပေးပို့နေတဲ့ လောင်စာဆီတွေကို ရပ်တန့်လိုက်တာကြောင့် မြန်မာနယ်စပ် မြဝတီမြို့နယ်၊ တာချီလိတ်မြို့နယ်နဲ့ ဘုရားသုံးဆူဒေသတွေမှာ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
“ဓာတ်ဆီက အပြင်မှာ တစ်လီတာကို မြန်မာငွေ ၁၇၀၀၀ ကနေ ၁၈၀၀၀ အထိရှိတယ်။ တကယ်လို့ လီတာ ၂၀ (၅ ဂါလံကျော်) ယူမယ်ဆိုရင်တော့ လက္ကားဈေး တစ်လီတာကို ၁၃၀၀၀ ကျပ်ရှိတယ်။ ဓာတ်ဆီဆိုင်တွေမှာကျတော့ ၅ လီတာကို ၁၆၀၀၀ ကျပ်ပဲ ပေးရတယ်။ ဒါပေမဲ့ လိုသလောက် မရသလို သူတို့က ခဏပဲရောင်းပြီး ပိတ်ထားတာ များတယ်” လို့ မြဝတီဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဓာတ်ဆီ တစ်လီတာကို ထိုင်းဘတ် ၁၃၅ ဈေးနှုန်းရှိပြီး ၅ လီတာယူပါ ထိုင်းဘတ် ၂၇၀၀ အထိရှိတယ်လို့လည်း သိရပါတယ်။ မြဝတီမြို့ အချို့နေရာတွေမှာ လောင်စာဆီ ရောင်းဝယ်မှုကို ထိုင်းဘတ်ငွေနဲ့ ဈေးနှုန်းတွက်ချက်ပြီး ငွေလဲဈေးနှုန်းပေါက်ဈေးအတိုင်း ပေးချေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ၊ လူကုန်ကူးမှု နှိမ်နင်းရေးစီမံချက်နဲ့ ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေက မြန်မာနယ်စပ် ဒေသ ၅ ခုကို လောင်စာဆီ၊ လျှပ်စစ်နဲ့ အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီး ၁၀ ရက်ခန့်ရှိလာချိန် နယ်စပ်ဒေသတွင်း လောင်စာဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
လောင်စာဆီပြတ်လပ်မှုဖြစ်နေတဲ့ မြန်မာနယ်စပ်ဒေသက ဒေသခံပြည်သူအချို့ဟာ ယာဉ်ငယ်တွေကို အသုံးပြုပြီး ထိုင်းနယ်စပ် မဲဆောက်၊ မယ်ဆိုင်မြို့တွေက စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ၊ ဒီဇယ် လာရောက်ဝယ်ယူမှုတွေလည်း ရှိနေပါတယ်။
ပုံစာ - မြဝတီမြို့နယ်အတွင်း စက်သုံးဆီဝယ်ယူဖို့ စောင့်ဆိုင်းနေသူတွေကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ခန့်သူ/Facebook)







Comments