မြဝတီက ကာလဝမ်းရောဂါအခြေအနေ အထူးသတိထားစောင့်ကြည့်ဖို့ ထိုင်းဒုဝန်ကြီးချုပ် အမိန့်ထုတ်ပြန်ထား
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၄

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ ပြင်းထန်ကာလဝမ်းရောဂါကြောင့် ထိုင်း-မြန်မာနယ်စပ် တလျှောက်ကို အထူးသတိထားစောင့်ကြည့်ဖို့ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ် Phumtham Wechayachai က အမိန့်ထုတ်ပြန်ထားတယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မနေ့ ဒီဇင်ဘာ ၂၃ ရက် ကာကွယ်ရေးကောင်စီ အစည်းအဝေးအပြီးမှာ Phumtham က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနယ်စပ်တလျှောက် အခြေအနေကို စောင့်ကြည့်စစ်ဆေးရာမှာ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေကလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အနည်းဆုံး တလခန့် ကြာမြင့်နိုင်ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေကလည်း ကာလဝမ်းရောဂါအခြေအနေနဲ့ပတ်သက်ပြီး အသိပေးနှိုးဆော်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကာလဝမ်းရောဂါ ကူးစက်မှုမဖြစ်ပွားအောင် နှာခေါင်းစည်း၊ လက်အိတ်တွေ ဖြန့်ဝေပေးနေတာတွေကို ဒေသအာဏာပိုင်တွေက လုပ်ဆောင်ပေးနေပြီး တကိုယ်ရည်သုံးပစ္စည်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် နယ်စပ်တလျှောက် လုပ်ကိုင်ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း နှာခေါင်းစည်းတပ်ဆင်ထားပြီး လုပ်ကိုင်ဆောင်ရွက်ရမယ်လို့ Phumtham က ပြောပါတယ်။
မြဝတီမြို့နယ် ရွှေကုက္ကိုမှာ ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါကြောင့် လူသေဆုံးမှုရှိခဲ့ပြီး လူ ၃၀၀ ခန့် ရောဂါကူးစက်ခံထားရပါတယ်။ ကာလဝမ်းရောဂါ ကူးစက်ခံထားရတဲ့ သံသယရှိသူ ၂ ဦးကိုလည်း တာ့ခ်ခရိုင် မဲဆောက်ဆေးရုံနဲ့ မယ်ရမတ်ဆေးရုံတို့မှာ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။
မဲဆောက်မြို့နယ်နဲ့ မယ်ရမတ်မြို့နယ်ဟာ ကာလဝမ်းရောဂါ ကူးစက်ပျံ့နိုင်ချေအများဆုံးရှိနေပြီး နှစ်ဖက်ဒေသ ကူးသန်းသွားလာ အလုပ်လုပ်ကိုင်မှုတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ဝမ်းရောဂါ ကူးစက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အထူးအလေးထားဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။







Comments