မုံရွာ MRTVအသံလွှင့် တာဝါတိုင်ကုန်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူ
- BVJ

- Feb 27
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခတက္ကန်ရွာအရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ MRTV အသံလွှင့် တာဝါတိုင်ကုန်းတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲအင်အား ၁၇ ဦးနဲ့ တပ်စွဲထားတဲ့ တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအထိုင်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ချိန် စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က Paramotor (လူစီး စက်တပ်လေထီး) ၂ စီးအပါအဝင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးတို့နဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး မုံရွာအခြေစိုက် အမှတ် ၅၀၈ အမြောက်တပ်ရင်း (အမတ) ကလည်း ၁၀၅မမ၊ ၁၀၂မမ တို့နဲ့ ၁၄ ကြိမ် ပစ်ကူပေးခဲ့ပါသေးတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးခဲ့ပြီး G-3 (၅) လက်၊ အူဇီ (Uzi) (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခုနဲ့ TV (၁) လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မခုစစ်ဆင်ရေးကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့အတူ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ (၆၁၊ ၆၄)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုလ ဖေဖော်ဝါရီ ၄ ရက်ကလည်း ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းရွာ - ကာဘိုးလမ်းပိုင်းမှာ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈ ဦးကို ကန့်ဘလူခရိုင် တပ်ရင်း ၄ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ပါသေးတယ်။











Comments