မိုးဗြဲမှာတိုက်ပွဲပြင်းထန်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနေ
- BVJ

- Mar 8
- 1 min read
BVJ/ဇော် _ မတ် ၅ ၊ ၂၀၂၅

ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က မနေ့ မတ်လ ၄ ရက်က ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေလုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီတလလုံး တိုက်ပွဲပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ (၂၇) ရက်မှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂) ဦးရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ Mobye PDF က ထုတ်ပြန်ထားပါတယ်။ ယင်းနေ့တိုက်ပွဲအတွင်း မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ကလည်း မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကလည်း မိုးဗြဲမြို့ ကက်သလစ်စေတမန်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးပြီး လက်နက်ကြီးငယ် (၅) လက် သိမ်းဆည်းရမိကြောင်းလည်း KNDF က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ KNDF ရဲဘော် (၅) ဦးကျဆုံးခဲ့ပြီး မိုးဗြဲ PDF တပ်ခွဲ (၃) ကျွဲချိုတပ်က တစ်ဦး ကျဆုံးခဲ့ကာ URF တပ်ဖွဲ့က ရဲဘော် ၂ ဦးလည်း စစ်ကောင်စီ လေကြောင်းဒရုန်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခက်မှုတို့ကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အရပ်သားပြည်သူ (၅) ဦးသေဆုံးခဲ့ပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဖေဖော်ဝါရီလအတွင်း မိုးဗြဲမြို့အပါအဝင် လွိုင်ကော်၊ ဒီမော့ဆိုနဲ့ ဖယ်ခုံမြို့နယ်တို့က နေအိမ်(၆၀)ဝန်းကျင်၊ စာသင်ကျောင်း (၅) ကျောင်း၊ ဘာသာရေးအဆောက်အဦး (၄) လုံး၊ ဆေးပေးခန်း (၁)ခန်းနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကောင်စီဘက်ကနေ အလင်းဝင်လာသူ (၇ ) ဦးရှိပြီး ရှေ့တန်းကနေ ထွက်ပြေးလာတဲ့ တပ်ပြေး (၈)ဦးကိုလည်း ထိန်းသိမ်းထားကြောင်း KNDFက ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဖယ်ခုံ အရှေ့ဘက်ကမ်း၊ မိုးဗြဲ၊ ဒီမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တို့မှာ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်လေယာဉ်တို့နဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။







Comments