မြေပြင်မှာတိုက်ပွဲဝင်နေပြီလို့ ဒေါက်တာဇော်ဝေစိုး အသိပေး
- BVJ

- Apr 25
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၂၅၊ ၂၀၂၅

ပြည်တွင်းပြန်ဝင်ကာ တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးဒေသတွေမှာ အခြေခံဆေးပညာသင်ကြားမှုတွေနဲ့ အထူးကုပညာတွေသင်ကြားပေးနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
“ကျွန်တော်တို့ကိုယ်တိုင် မြေပြင်မှာရောက်ရှိပြီး တိုက်ပွဲဝင်နေပါတယ်။ အရိုးနဲ့ ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေ၊ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်မှုတွေ၊ အခြေခံဆေးပညာသင်ကြားမှုတွေ စိုးမိုးဒေသတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။ အထူးကုပညာတွေကိုလည်း စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ဒါကြောင့် တော်လှန်ရေး CDM ကျန်းမာရေးစောင့်ရှောက်သူတွေ၊ ပြည်တွင်းပြည်ပ ကျန်းမာရေးစောင့်ရှောက်သူတွေအားလုံးကိုလည်း ပါဝင်ကြ စွန့်လွှတ်ကြ တိုက်ပွဲဝင်ကြဖို့ကို ဒေါက်တာဇော်ဝေစိုးက NUGရဲ့ PVTVကနေတဆင့် ဒီနေ့ ဧပြီ ၂၅ရက်မှာ ဖိတ်ခေါ်ထားပါတယ်။
“စစ်အာဏာရှင်အောက်က အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာ မြန်မာ့သမိုင်းမှာ ဒီတကြိမ် ဒီတခါပဲရှိမယ့် တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲမှာ ပါဝင်ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ ငါတို့ အသွေးအသားအသက်တွေနဲ့ စွန့်လွှတ်စွန့်စားခြင်းတွေနဲ့ လွတ်မြောက်တဲ့၊ အေးချမ်းသာယာတဲ့၊ တရားမျှတမှုရှိတဲ့ ဖက်ဒရယ်ဒီမိကရေစီနိုင်ငံကို တည်ဆောက်ကြဖို့အတွက် ပါဝင်ကြပါ စွန့်လွှတ်ကြပါ တိုက်ပွဲဝင်ကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်”
ဒေါက်တာဇော်ဝေစိုးဟာ အရင်ကပြည်ပရောက်နေတာဖြစ်ပြီး အခုမြန်မာပြည်တွင်း ပြန်ဝင်ကာ ကျန်းမာရေးလုပ်ငန်းတွေပြန်လည်လုပ်ကိုင်နေကြောင်း ဓါတ်ပုံတွေနဲ့အတူ အသိပေးလာတာပါ။
NUGအစိုးရအဖွဲ့အနေနဲ့ အဝေးရောက်အစိုးရအဖြစ်ဆက်ရှိလို့မရတော့တာကြောင့် ပြည်ပရောက် NUG ဝန်ကြီးတွေ၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာပြည်တွင်းပြန်လာကြဖို့ကို ယာယီသမ္မတ ဒူဝါလရှီးလက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ရက်က အစည်းအဝေးမှာတိုက်တွန်းပြီးနောက်ပိုင်းမှာ NUGအစိုးရအဖွဲ့ ဝန်ကြီးအချို့ မြေပြင်ရောက်နေကြောင်း အသိပေးမှုတွေရှိလာပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ ဝန်ကြီးအချို့ဟာ မြေပြင်မှာ လူထုနဲ့တသားထဲရှိနေကြောင်းကိုလည်း ယာယီသမ္မတက ပြီးခဲ့တဲ့မတ်လတုန်းက အသိပေးပြောထားပါသေးတယ်။







Comments