မြန်မာအလုပ်သမားတွေအစား တခြားနိုင်ငံက အလုပ်သမားတွေ ဦးစားပေးခေါ်ယူဖို့ စင်ကာပူအစိုးရ တိုက်တွန်း
- BVJ

- Feb 5
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၅

စင်ကာပူနိုင်ငံတွင်းမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေအနေနဲ့ လုပ်သားလိုအပ်မှုတွေရှိလာပါက မြန်မာနိုင်ငံကလုပ်သားတွေထက် အခြားနိုင်ငံကလုပ်သားတွေကို ဦးစားပေးခေါ်ယူဖို့ စင်ကာပူ လူ့စွမ်းအားအရင်းအမြစ်ဌာနက မနေ့က ဖေဖော်ဝါရီ ၄ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေ ပိုမိုမြင့်တက်လာပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့တွေနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့တွေ ပိုမိုများပြားလာသလို ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်လာတာတွေကြောင့် မြန်မာနိုင်ငံက အလုပ်သမားတွေကိုခေါ်ယူရာမှာ အခက်အခဲတွေရှိနိုင်တယ်လို့ စင်ကာပူအစိုးရက ပြောထားပါတယ်။
စင်ကာပူနိုင်ငံတွင်း လုပ်ငန်းတွေပုံမှန်လည်ပတ်နိုင်ဖို့အတွက် လုပ်သားအင်အားတွေ တိုးမြှင့်ခေါ်ယူတာမှာ မြန်မာနိုင်ငံထက် စင်ကာပူအစိုးရက ခွင့်ပြုပေးထားတဲ့ အခြားနိုင်ငံကလုပ်သားအင်အားတွေကို ဦးစားပေးခေါ်ယူဖို့ကိုလည်း နိုင်ငံတွင်းက အလုပ်သမားအေဂျင်စီတွေကိုလည်း စင်ကာပူအစိုးရက အကြံပြုပြောထားပါတယ်။
စစ်ကောင်စီက အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် စစ်မှုထမ်းသတ်မှတ်ချက်နဲ့ အကျုံးဝင်သူအားလုံး ပြည်ပနိုင်ငံထွက်ခွာခွင့်ကို ပိတ်ပင်လိုက်ပြီး သူတို့ ခွင့်ပြုမှသာ သွားရောက်ရမယ်လို့ ကန့်သတ်လိုက်တာပါ။
မြန်မာလုပ်သားတွေကို ခေါ်ယူတဲ့ စင်ကာပူ အလုပ်အေဂျင်စီတွေရဲ့ အလုပ်အမျိုးအစားတွေထဲမှာ သူနာပြုလုပ်ငန်း၊ သက်ကြီးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ အိမ်အကူလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ သန့်ရှင်ရေးလုပ်ငန်းတို့ကို အများဆုံးခေါ်ယူမှုတွေရှိနေသလို ဆောက်လုပ်ရေး အင်ဂျင်နီယာ၊ အိုင်တီပညာရှင်၊ အီလက်ထရောနစ်နဲ့ အခြား ရာထူးမြင့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံကလုပ်သားတွေကို ခေါ်ယူမှုတွေရှိပါတယ်။







Comments