မြန်မာဘားတခုကို ထိုင်းအာဏာပိုင်တွေ ဝင်စစ်ဆေးချိန် သေနတ်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိ
- BVJ

- Apr 30
- 1 min read
BVJ/Moore _ ဧပြီ ၂၉ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ ဖျော်ဖြေရေးနဲ့ ဝန်ဆောင်မှုပါတဲ့ မြန်မာဘားတစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန်မှာ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
မနေ့ ဧပြီ ၂၈ ရက် ညနေပိုင်းက ဆမွတ်ဆာခွန်ခရိုင်အတွင်း မြန်မာနိုင်ငံသား ငှားရမ်းထားတဲ့ ဂိုဒေါင်ကြီးတစ်ခုကို ဒေသအုပ်ချုပ်ရေးအဖွဲ့၊ အလုပ်သမားစစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တာဝန်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော်တို့က ဝင်စစ်ဆေးခဲ့တာပါ။
ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးချိန် ဆိုဖာထိုင်ခုံတွေအောက်မှာ စိတ်ကြွဆေးပြားအချို့ကိုလည်း စစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သလို လက်နက်နဲ့ ခဲယမ်းအချို့ကိုလည်း အဆောက်အအုံအတွင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသအာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကာရာအိုကေ ဖျော်ဖြေရေးအခန်း၊ အရက်ဘီယာ ဘားနဲ့ ဘိလိယက်ခုံတွေကိုလည်း တွေ့ရှိခဲ့ပြီး ဝန်ဆောင်ခ တစ်နာရီကို ဘတ် ၂၅၀ နှုန်းပေးရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးကိုသုံးစွဲမှုကိုလည်း VIP အခန်းတွေမှာ ခွင့်ပြုပေးထားတယ်လို့လည်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလည်ပတ်နေတာအပြင် တရားမဝင်လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ဆောင်မှုတွေကိုပါ တွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပေမဲ့ ဖြစ်စဉ်အခြေအနေကို မဖော်ပြထားပါဘူး။







Comments