မြန်မာနိုင်ငံကို စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းတော့မယ်လို့ WFP ထုတ်ပြန်
- BVJ

- Mar 19
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၄ ၊ ၂၀၂၅

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံကို ထောက်ပံ့နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအကူအညီပေးမှုတွေကို လာမယ့် ဧပြီလကစတင်ပြီး ရပ်ဆိုင်းတော့မယ်လို့ ဒီနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံ လူဦးရေတစ်သန်းနီးပါးကို ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာအစီအစဉ်ကို ရပ်တန့်လိုက်ရတဲ့အတွက် WFP ရဲ့ အကူအညီကို အားထားနေရတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေအတွက် ကြီးကြီးမားမား ရိုက်ခတ်မှုတွေလည်း ရှိလာနိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။
“မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေဖြစ်နေတာ ပိုမိုများပြားလာတာကြောင့် နေရပ်စွန့်ခွာနေရသူတွေကို သွားရောက်ကူညီဖို့ ကန့်သတ်ချက်တွေ ရှိလာတယ်။ စစ်ဘေးရှောင်တွေ အကူအညီတွေ ပိုမိုလိုအပ်နေချိန်မှာပဲ အခုလို စားနပ်ရိက္ခာထောက်ပံ့မှု ရပ်တန့်ရတာတွေလည်း ဖြစ်လာတယ်” လို့ WFP က ဒီနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီ ထောက်ပံ့နိုင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာသန်း ၆၀ ခန့် အရေးတကြီးလိုအပ်နေတာြဖစ်ပြီး ရန်ပုံငွေအသစ်မရရှိပါက အသက် ၅ နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူအပါအဝင် လူဦးရေ ၃၅၀၀၀ ခန့်ကိုသာ ဆက်လက်အကူအညီပေးနိုင်တော့မှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃ သန်းနီးပါးထိရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၅ သန်းကျော်ဟာ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေရှိနေတဲ့အပြင် စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေလည်း ပြောပါတယ်။







Comments