မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို ကူးလာတဲ့ အင်ဒိုနီးရှား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးနေ
- Zayar Oo
- Jan 19
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅

ထိုင်းနိုင်ငံတွင်း တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူ အင်ဒိုနီးရှားနိုင်ငံသားတွေထဲမှာ အမျိုးသမီး ၂ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ ၃၂ ဦးဟာ ထိုင်း-မြန်မာနယ်စပ်နဲ့ကပ်လျက်ရှိနေတဲ့ Wang Ta Khian ရွာထဲကို မနေ့ ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်အရ သူတို့က မြဝတီမြို့မှာ ဆက်လက်အလုပ်လုပ်ကိုင်လိုခြင်းမရှိတော့ဘဲ သူတို့နိုင်ငံကို ပြန်လိုတာကြောင့် အလုပ်ကနေ ထွက်လာပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို မဲဆောက်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြဝတီမြို့နယ်မှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ လူကုန်ကူးခံရမှုရှိ မရှိကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကြောင့် ထိုင်းနယ်စပ်တစ်လျှောက်မှာ ထိုင်းစစ်တပ်နဲ့ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက အင်အားတိုးမြှင့်ထားပြီး နှစ်ဖက်နိုင်ငံတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တာတွေကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာတွေလည်း ရှိနေပါတယ်။











Comments