မြန်မာနယ်စပ်ဘက်ခြမ်းကို မီးဖြတ်ဖို့ တာဝန်ရှိသူတွေရဲ့ အမိန့်လိုအပ်တယ်လို့ ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ ပြော
- BVJ

- Jan 25
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၂၅ ၊ ၂၀၂၅

မြန်မာနယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးရောင်းချနေတာတွေ ရပ်တန့်ဖို့အတွက် လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) က ပြောပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးဖြတ်တောက်ဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး PEA ရဲ့ သဘောထားတစ်ခုထဲနဲ့ လျှပ်စစ်မီးဖြတ်တောက်လို့ မရဘူးလို့ ဆိုပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံ နယ်စပ်မြို့တွေမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ဆက်သွယ်ရေး ထိုင်းနိုင်ငံကနေတဆင့် ရရှိနေမှုအပေါ် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြစ်တင်ခဲ့ချိန် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့က အခုလို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
“မြန်မာနယ်စပ်မြို့တွေကို လျှပ်စစ်မီး ရောင်းချထားတာကို ရပ်တန့်ဖို့ ထိုင်း-မြန်မာ လုံခြုံရေးအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ PEA ရဲ့ သဘောထားတစ်ခုထဲနဲ့ လုပ်ဆောင်လို့ မရပါဘူး။ ဒီလို မီးဖြတ်တောက်မှုဟာ ထိုင်းနယ်စပ် ကျေးရွာတွေကိုတော့ ထိခိုက်မှာတော့ မဟုတ်ပါဘူး”လို့ PEA မှ တာဝန်ရှိသူ Prasit Junprasit က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေက လျှပ်စစ်နဲ့ အင်တာနက်ဆက်သွယ်ရေးကို အိမ်နီးချင်းနိုင်ငံ (ထိုင်းနိုင်ငံကို ဆိုလို) ကနေတဆင့် ရယူသုံးစွဲနေတာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumthan Wechayachai က ယင်းစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဌ၊ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ် Rangsiman Rome ကလည်း PEA အနေနဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဖိအားပေး ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ကရင်ပြည်နယ် မြဝတီမြို့က ကျေးရွာ ၂ ခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက ယင်းနေရာတွေကို လျှပ်စစ်မီးမဖြတ်တောက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ကပ်လျက်ရှိတဲ့ ရှမ်းပြည်နယ်အတွင်းက ကျေးရွာအချို့ကိုလည်း လျှပ်စစ်မီတာခ ပေးချေခြင်းမရှိတာကြောင့် PEA က ပြီးခဲ့တဲ့နှစ်မှာ မီးဖြတ်တောက်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံ နယ်စပ်မြို့ နေရာငါးခုဖြစ်တဲ့ မြဝတီမြို့နယ်အတွင်းက ဒေသ ၂ ခု၊ တာချီလိတ်မြို့နယ်အတွင်း ဒေသ ၂ ခုနဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီနဲ့ကပ်လျက်ရှိနေတဲ့ မွန်ပြည်နယ်အတွင်းက ကျေးရွာတစ်ခုကို ထိုင်းနိုင်ငံက လျှပ်စစ်ရောင်းချနေဆဲဖြစ်ပါတယ်။
Ref: Bangkok Post







Comments