မြန်မာ ငလျင်ဘေးသင့်သူတွေကို ကုလအကြီးအကဲ သွားရောက်ကြည့်ရှု
- BVJ

- Apr 18
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၇ ၊ ၂၀၂၅

နေပြည်တော်မှာရှိတဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ (UNOCHA) အကြီးအကဲ တွမ်ဖလက်ချာက သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီနေ့ ဧပြီ ၇ ရက်က UNOCHA က ထုတ်ပြန်လာပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးနဲ့ ဒေသအချို့မှာ အဆောက်အအုံပြိုကျပျက်စီးမှုနဲ့ လူသေဆုံးမှု များပြားခဲ့တာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
အင်အားပြင်းငလျင်ဘေးကြုံတွေ့ခဲ့ရပြီး ပြိုကျနေတဲ့အဆောက်အအုံတွေကို ကုလ UNOCHA အကြီးအကဲက သွားရောက်ကြည့်ရှုခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငလျင်ဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတာကြောင့် အခြားနေရာတစ်ခုကို ပြောင်းရွှေ့နိုင်ဖို့ အခက်အခဲတွေရှိသလို သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့နဲ့ ဘေးကင်းလုံခြုံဖို့ကလည်း အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ငလျင်ဘေးဒဏ်မတိုင်ခင်ကတည်းက မြန်မာပြည်သူတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေချိန်မှာ အခုကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အကူအညီတွေ အရေးတကြီး ပိုမိုလိုအပ်နေတာလည်းဖြစ်တယ်လို့ တွမ်ဖလက်ချာက ပြောပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီဖို့အတွက် နိုင်ငံတကာက လှူဒါန်းဖို့ကတိပြုငွေ အမေရိကန်ဒေါ်လာ ၉၃ သန်းကိုရရှိထားပြီး အခုလက်ရှိ ကုလသမဂ္ဂ အရေးပေါ်သုံးရန်ပုံငွေကနေ ဒေါ်လာ ၅ သန်းကို အသုံးပြုဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ UNOCHA အကြီးအကဲ တွမ်ဖလက်ချာဟာ မနေ့ ဧပြီ ၆ ရက်မှာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် တုံ့ပြန်ဆောင်ရွက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါသေးတယ်။







Comments