မြန်မာကျပ်ငွေထုတ်တဲ့ ဝါဇီစက်ရုံနဲ့ စစ်ကောင်စီတပ်အထိုင်စခန်းတွေ တိုက်ခိုက်ခံရ
- BVJ

- Jan 24
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၂၄၊ ၂၀၂၅

မြန်မာကျပ်ငွေတွေ ရိုက်နှိပ်ထုတ်ဝေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီစက်ရုံနဲ့ စက်ရုံနားက စစ်ကောင်စီတပ်စခန်းတွေကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းအဖွဲ့တွေက အခုလ (၁၉)ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဆိပ်ဖြူမြို့နားက ဝါဇီစက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်းနဲ့ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာနားက ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာတို့က စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာက စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile (၁၇) လုံး၊ Drop Bomb (၂၆) လုံး နဲ့ ၈၁ မမ ၆ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ကျနော်တို့ မကွေးတိုင်းက ရန်သူ့ အဓိကနယ်မြေလည်း ဖြစ်ပါတယ်။ ဒီနွေဦးမှ ကျနော်တို့ အညာဒေသက လက်နက်ကိုင်တော်လှန်ရေးဆိုတာကို ကြုံတွေ့တာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ကြီးမားနေပေမယ့်လည်း တစ်နိုင်ငံလုံးက အဖွဲ့တွေအတွက် အကျိုးသက်ရောက်မှု ရရှိစေဖို့ အခုလို ရန်သူ့ ရေသောက်မြစ်တွေကို နိုင်တဲ့အားနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်ခင်ဗျ။ ရန်သူ့ အဓိက စက်ရုံတွေ တိုက်ခိုက်ခံရတဲ့အတွက် ကျနော်တို့ NUG အစိုးရအတွက်ရော တစ်နိုင်ငံလုံးက တပ်ဖွဲ့တွေအတွက် စစ်ရေး/နိုင်ငံရေး အကျိုးရှိစေဖို့ ရည်ရွယ်ပါတယ်ခင်ဗျ”လို့ မကွေးတိုင်း ပကဖ ရဲဘော်တစ်ဦးက Burma VJ ကို ပြောပါတယ်။
SRM (၁၇) လုံးနဲ့ ဝါဇီစက်ရုံကို တိုက်ခိုက်ရာ (၁၃)လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မနေ့က ဇန်နဝါရီ ၂၃ရက်ညပိုင်းမှာ မကွေးပကဖက ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်က ထိခိုက်မှုကိုတော့ အတိအကျအတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်းက တပ်ခွဲ (၃)နဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းက တပ်ခွဲ (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၆၀မမတွေနဲ့ ပြန်ပစ်ခဲ့ပေမယ့် အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။













Comments