မြန်မာက နျူကလီးယားကုန်ကြမ်းတွေ အီရန်ကို ရောင်းချဖို့ ကြိုးပမ်းမှုမှာ အပြစ်ရှိကြောင်း အီဘီဆာဝါ ဝန်ခံ
- BVJ

- Jan 9
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၉ ၊ ၂၀၂၅

မြန်မာနိုင်ငံမှာရှိတဲ့ နျူကလီးယားကုန်ကြမ်းတွေကို မှောင်ခိုမှုနဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှီအီဘီဆာဝါကို အမေရိကန် တရားရေးဌာနက တရားစွဲဆိုခဲ့ပြီးနောက် သူ့မှာ အပြစ်ရှိကြောင်း အီဘီဆာဝါက မနေ့ ဇန်နဝါရီ ၈ ရက်မှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်လို့ လူသိများတဲ့ လက်နက်မှောင်ခိုရောင်းဝယ်သူ အသက် ၆၀ အရွယ် တာကီရှီအီဘီဆာဝါကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေကို အီရန်ကို ရောင်းချရန် ကြိုးစားမှုနဲ့ အီဘီဆာဝါကို အမေရိကန်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အီဘီဆာဝါဟာ မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေကို ဝယ်ယူမယ့်သူတွေနဲ့ ကွန်ရက်တစ်ခုဖွဲ့ကာ တခြားနိုင်ငံတွေကို မှောင်ခိုရောင်းချဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနကလည်း ပြောပါတယ်။ အီဘီဆာဝါရဲ့ ထွက်ဆိုချက်အရ နျူကလီးယားကုန်ကြမ်းတွေထဲမှာ ယူရေနီယမ်နဲ့ ပလူတိုနီယမ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်မှောင်ခိုမှု၊ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေမှာလည်း အပြစ်ရှိတယ်လို့ အီဘီဆာဝါက ဝန်ခံထားပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လက်နက်မှောင်ခို ရောင်းဝယ်မှုတို့နဲ့ အီဘီဆာဝါကို အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တရားစွဲဆိုထားပါသေးတယ်။
“အီဘီဆာဝါက ဒီနေ့ သူ့မှာ အပြစ်ရှိကြောင်း ဖက်ဒရယ်တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကနေ နျူကလီးယားကုန်ကြမ်းနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ပလူတိုနီယမ်တွေကို မှောင်ခိုသယ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ထွက်ဆိုထားပါတယ်”လို့ အမေရိကန်အစိုးရရှေ့နေ Edward Kim က ပြောပါတယ်။
ဒါ့အပြင် ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားအရေအတွက် အများအပြားကိုလည်း အမေရိကန်နိုင်ငံထဲကို မှောင်ခိုတင်သွင်းပြီး အဲဒီကနေတဆင့် စစ်မြေပြင်သုံးလက်နက်ကြီးတွေအပါအဝင် မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေနဲ့ လဲလှယ်ကာ မြန်မာနိုင်ငံတွင်းကို ပြန်ပို့ဖို့နဲ့ ရရှိလာတဲ့ငွေကြေးတွေကို အီဘီဆာဝါက ဂျပန်နိုင်ငံမှာ ငွေကြေးခဝါချမှုလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် တရားဌာနက ပြောကြားထားပါတယ်။
Ref: Reuters







Comments