မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေတဲ့ကျောင်း ကို ထိုင်းအာဏာပိုင်တွေ ရုတ်တရက် ဝင်ရောက်စစ်ဆေး
- BVJ

- Jan 31
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ထာနီပြည်နယ် Koh Phangan က ခရစ်ယာန်ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်းတစ်ခုကို ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ဝင်ရောက်စစ်ဆေးလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း ခရစ်ယာန်ဘုရားကျောင်းထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဟာ တရားဝင်ဖွင့်လှစ်ထားတာမျိုးမဟုတ်တဲ့အတွက် စာသင်ကြားပေးနေတဲ့ မြန်မာ ၄ ဦးကို တရားမဝင် စာသင်ကျောင်းဖွင့်လှစ်မှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
စာသင်ကျောင်းထဲမှာ အသက် ၃ နှစ်နဲ့ ၁၂ နှစ်အတွင်းအရွယ် မြန်မာကလေးငယ် ၁၉၀ ကျော်ရှိနေပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ကျောင်းစာအုပ် ၃၁ အုပ်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာကလေးတွေကို စာသင်ကြားပေးနေတဲ့ မမြသူဇာ (၄၀ နှစ်)၊ ကိုရန်နိုင်စိုး (၃၁ နှစ်)၊ မမြမြဝင်း (၃၃ နှစ်) နဲ့ ကိုချစ်ဖြိုးအောင် (၂၁ နှစ်) တို့ကို အရေးယူထားပြီး ၂ ဦးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့နဲ့ ထပ်မံ တရားစွဲဆိုထားလို့ သိရပါတယ်။
စာသင်ကျောင်းဖွင့်လှစ်မှုဟာ ၆ လဝန်းကျင်သာရှိသေးပြီး Koh Phangan အတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေ တက်ရောက်သင်ကြားနေတာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးတစ်ဦးကို တစ်လ ဘတ် ၃၀၀ နှုန်းနဲ့ စာသင်ကျောင်းက ကောက်ခံနေတယ်လို့လည်း ဆိုပါတယ်။
တရားမဝင် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေသလို ကလေးတွေရဲ့ မိဘတွေဟာလည်း တရားဝင် အလုပ်လုပ်ခွင့်ရရှိထားသူဟုတ် မဟုတ်ဆိုတာကိုလည်း ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်း ၆ ခုကို ထိုင်းပညာရေးဝန်ကြီးဌာနက ပိတ်သိမ်းခဲ့ပါသေးတယ်။ နိုင်ငံတွင်းမှာရှိတဲ့ ထိုင်းကျောင်းတွေအနေနဲ့ မြန်မာကလေးတွေကို ပညာသင်ကြားခွင့်ပေးထားပေမဲ့ တရားမဝင်ရွှေ့ပြောင်းမိသားစုတွေရဲ့ ကလေးငယ်တွေအနေနဲ့ ကျောင်းတက်ရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဒေသဆိုင်ရာ ပညာရေးအာဏာပိုင်တွေက ပြောပါတယ်။













Comments