မုဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်တွေထဲက ၆ ဦး ကို MNDAA က သေဒဏ်ချမှတ်
- BVJ

- Apr 18
- 1 min read
BVJ/Moore _ ဧပြီ ၁၀ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လူသတ်မှု၊ ဓားပြမှုနဲ့ မုဒိမ်းမှု စတဲ့ ပြစ်မှုကျူးလွန်သူ ၈ ဦးထဲက ၆ ဦးကို သေဒဏ်ချမှတ်ကာ ၂ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တယ်လို့ MNDAA က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းက ကိုးကန့်ထိန်းချုပ်ဒေသ လားရှိုးမြို့မှာ လူသတ်မှု၊ လက်နက်ကိုင် လုယက်မှု၊ ကလေးသူငယ်အား မုဒိမ်းကျင့်မှု စတဲ့ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး သမီးအရင်းကို မုဒိမ်းမှု ကျူးလွန်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ ဓားပြမှုတို့ပါဝင်တယ်လို့ သိရပါတယ်။
ဓားပြတိုက်လုယက်မှုကျူးလွန်သူ ၆ ဦးအဖွဲ့ဟာ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်နဲ့ အခြား ဒေသတို့ကလာရောက်သူတွေ ဖြစ်တယ်လို့လည်း MNDAA က ဖော်ပြထားပါတယ်။ အဲဒီ ၆ ဦးအဖွဲ့ထဲက မျိုးမင်းထွန်း၊ ခိုင်ဇော်၊ ထက်ဖြိုးဦး၊ ဝင်းစိုးတို့ကို သေဒဏ်ပြစ်ဒဏ် ချက်ချင်းချမှတ်ခဲ့ပြီး တင်ကိုဦးတော့ ၂ နှစ်ဆိုင်းငံ့သေဒဏ် ချမှတ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်ခဲ့တဲ့ ကျူးဟုန်ဖေးကိုလည်း သေဒဏ်ချမှတ်တယ်လို့လည်း သိရပါတယ်။ အသက်မပြည့်သေးတဲ့ သမီးအရင်းအပေါ် မုဒိမ်းမှုကျူးလွန်သူ လိပ်လောက်ချိုင်နဲ့ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့တဲ့ ၆ ဦးအဖွဲ့ထဲက ဦးကြည်စိုးတို့ကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
လုယက်သတ်ဖြတ်မှုအများအပြား ကျူးလွန်ခဲ့တဲ့ ၆ ဦးအဖွဲ့ဟာ အကြမ်းဖက်ကျူးလွန်မှု ၂၁ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့တယ်လို့လည်း MNDAA က ဖော်ပြထားပါတယ်။
ကိုးကန့်ထိန်းချုပ် အထူးဒေသ ၁ အတွင်း စစ်သားအဖြစ် ဟန်ဆောင်မှု၊ လက်နက်ကိုင်ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်ကိုင်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုတို့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်စီရင်ချမှတ်တာမျိုးလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကလည်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လက်နက်မှောင်ခိုသယ်ယူမှုတို့အပါအဝင် ပြစ်မှုကျူးလွန်သူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေး ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ၆ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့အတွင်း MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ သိမ်းယူထိန်းချုပ်ထားတဲ့မြို့တစ်ခုလည်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ တရုတ်အ စိုးရရဲ့ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လွှဲပေးရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။







Comments