မဲဆောက်မှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ထိုင်းရဲမှူးချုပ်ညွှန်ကြားပြီးနောက် မြန်မာအပါအဝင် နိုင်ငံခြားသားရှိတဲ့နေရာတွေကို ဝင်စစ်နေ
- BVJ

- Jan 23
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၃ ၊ ၂၀၂၅

ထိုင်းနိုင်ငံ တာ့ခ်ရိုင် မဲဆောက်မြို့မှာ နိုင်ငံခြားသားအများစု နေထိုင်ရာ ဟိုတယ်၊ ကွန်ဒိုနဲ့ အိမ်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မဲဆောက်မှာနေထိုင်သူတွေက ပြောပါပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မဲဆောက်နဲ့ မြဝတီမြို့နယ်တို့အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို စစ်ဆေး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တာ့ခ်ခရိုင် ထိုင်းရဲမှူးချုပ်ကလည်း မနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ပြောပြီးနောက်မှာ အခုလိုစစ်ဆေးလာတာဖြစ်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်း (၃၀)ကျော်အပါအဝင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ကလည်း မဲဆောက်မြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို အဓိကလမ်းမကြီးတွေမှာ ဂိတ်ချစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ဒီမနက်ပိုင်းမှာ တံတားဘက်သွားတဲ့ လမ်းမကြီးဘက်မှာရော မယ်ပဘက်တွေမှာပါ ဂိတ်ချထားတာတွေ ရှိတယ်။ ပြီးတော့ မြန်မာအများစုနဲ့ တရုတ်အများစုရှိတဲ့ ဟိုတယ်တွေကို၊ အိမ်ရာတွေကိုလည်း ဝင်စစ်တာ ၅ နေရာလောက် စစ်တယ်၊ တချို့ဆိုင်တွေဆို လူတောင်မရှိဘူး” လို့ မဲဆောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေကြောင့် ဒေသခံပြည်သူတွေနဲ့ နိုင်ငံခြားသားခရီးသွားတွေစိုးရိမ်မှုတွေ မြင့်တက်လာချိန် ထိုင်းအာဏာပိုင်တွေကလည်း စစ်ဆေးအရေးယူမှုတွေ ပိုမိုလုပ်ဆောင်လာပြီး လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းတွေ တားဆီးနိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်းထိုင်းနိုင်ငံတွင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်ကြသူတွေဟာ မဲဆောက်မြို့နယ်အတွင်းမှာ အများအပြားရှိနေပြီး အများစုဟာ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြရပါတယ်။







Comments