မံစီမြို့သိမ်းတိုက်ပွဲကနေ ဟောင်ဝစ်ဇာလက်နက်ကြီးအပါ လက်နက်အများအပြား ရရှိခဲ့
- BVJ

- Jan 10
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၀ ၊ ၂၀၂၅

ကချင်ပြည်နယ် မံစီမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မဟာမိတ်ပူးပေါင်းတွေက အခုလ ဇန်နဝါရီ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ပြောပါတယ်။
ဗန်းမော်-မံစံ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို KIA တပ်မဟာ ၁၁ နဲ့အတူ ကျောင်းသားတပ်မတော် (ABSDF) အမှတ် ၂ စစ်ကြောင်း တပ်ရင်း ၁၀ နဲ့ KPDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
မံစီမြို့ကို ပြီးခဲ့တဲ့နှစ် မေလအတွင်းက ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရပြီး အခုတကြိမ် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမှတ် ၃၁၉၊ ၆၀၁ ခြေမြန်တပ်ရင်းတွေနဲ့ အမှတ် ၃၅၂ အမြောက်တပ်ရင်း စတဲ့ စစ်ကောင်စီတပ်ရင်းစခန်းတွေကို သိမ်းယူနိုင်ခဲ့တာပါ။
“လက်နက်ခဲယမ်းစာရင်းတော့ မသိရသေးဘူး။ တော်တော်များများရထားတယ်လို့ပဲ သိရပါသေးတယ်။ မံစီမြို့မှာ (စစ်ကောင်စီ) တပ်တွေ မရှီတော့ပါဘူး” လို့ ABSDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုကျော်လင်းကလည်း Burma VJ ကို ပြောပါတယ်။
ကျောင်းသားတပ်မတော် (ABSDF) က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ အစောပိုင်းကာလတွေကတည်းက လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ မံစီမြို့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ထားပေမဲ့ မြို့ကို ထိန်းချုပ်ထားနိုင်မှုရှိ မရှိ အခြေအနေနဲ့ပတ်သက်ပြီး စစ်ဆင်ရေး လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ABSDF က ပြောပါတယ်။
မံစီမြို့သိမ်းတိုက်ပွဲနဲ့အတူ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်းဖော်ဆောင်နေတာဖြစ်ပြီး အမှတ် ၄၇ ခြေလျင်တပ်ရင်းစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းယူထားနိုင်ပေမဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စခန်းအပါအဝင် ကာကင်းစခန်းနဲ့ စခန်းငယ် (၁၀)ခုဝန်းကျင် ကျန်ရှိနေသေးတယ်လို့လည်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

















Comments