မံစီမြို့က စစ်ကောင်စီတပ်စခန်းအားလုံး KIA သိမ်းယူနိုင်ပြီ
- BVJ

- Jan 9
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၈ ၊ ၂၀၂၅

ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူနိုင်ခဲ့ပြီလို့ KIA သတင်းပြန်ကြားရေးတာဝန်ခံက ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။
မံစီမြို့မှာရှိတဲ့ စစ်ကောင်စီ အမှတ် ၆၀၁ ၊ ၃၁၉ ခြေမြန်တပ်ရင်းစခန်းနဲ့ အမြောက်တပ် ၃၅၂ တပ်ရင်းစခန်း ၃ ခုစလုံးကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာပါ။
“ဒီမနက် ၁၁ နာရီလောက်မှာ စခန်း ၃ ခုစလုံးကို သိမ်းယူထားပြီးပြီဖြစ်ပါတယ်။ ဗန်းမော်မြို့ပေါ် ရပ်ကွက်အချို့ကိုလည်း KIA က ဝင်ထွက်လို့ရနေပါပြီ။ ” လို့ ဗိုလ်မှူးကြီး နော်ဘူက Burma VJ ကိုပြောပါတယ်။
မံစီမြို့ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းယူပြီးချိန် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။
KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်-မံစီ စစ်ဆင်ရေးအတွင်း ဗန်းမော်မြို့ ရပ်ကွက်အချို့ကို KIA က အပြီးသတ် မထိန်းချုပ်ထားနိုင်သေးပေမဲ့ ဝင်ရောက်လို့ရနေပြီး စစ်ကောင်စီလက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီ ကာကင်းစခန်းနဲ့ ကင်းစခန်းအပါအဝင် ၁၀ ခုဝန်းကျင်ခန့် ကျန်ရှိနေသေးတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မံစီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူချိန် လက်နက်ချအလင်းဝင်သူတွေ အများအပြားရှိခဲ့ပြီး အမှတ် ၆၀၁ ခြေမြန်တပ်ရင်း ဗျူဟာမှူးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Banmaw Scout Team ကလည်း ဖော်ပြထားပါတယ်။
ဗန်းမော်မြို့မှာ စစ်ကောင်စီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စခန်းကိုလည်း KIA က ဆက်လက်ထိုးစစ်ဆင်နေသလို အမှတ် ၄၇ ခြေလျင်တပ်ရင်းစခန်းကိုလည်း အပြီးသတ်သိမ်းယူနိုင်ထားပြီလို့ သိရပါတယ်။ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီကလည်း လေကြောင်းပစ်ကူပေး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဗန်းမော်နဲ့မံစီ မြို့နှစ်မြို့သိမ်းယူနိုင်ရေးအတွက် ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၉ရက်ကတည်းက KIAနဲ့ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြဟ်ပြီး လက်ရှိတစ်လကျော်အချိန်ထိ စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။







Comments