မြောင်မှာ ပါရာမော်တာ၊ လက်နက်ကြီးတို့နဲ့ပစ်ခတ်ခံရပြီး အရပ်သား (၄)ဦးသေဆုံး
- BVJ

- Mar 20
- 1 min read
BVJ/ဇော်_မတ် ၂၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ပါရာမော်တာ(စက်တပ်လေထီး)တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မနေ့က မတ်လ ၁၉ ရက် ညနေပိုင်းမှာ ပြည်သူ (၄) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေပိုင်းမှာ မြောင်မြို့ပေါ်က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြောင်မြို့တောင်ဘက် လှေတင်ဦးရွာက အမျိုးသား (၁) ဦးနဲ့ မြောင်မြို့မြောက်ဘက် ကျီးကုန်းရွာက အမျိုးသား (၁) ဦး သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ထံက သိရပါတယ်။
အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်က ဒေသခံပြည်သူ (၂)ဦးသေဆုံးပြီး အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် (၂) လုံးလည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“နေအိမ် နှစ်အိမ်မီးလောင်ပျက်စီးခဲ့ပါတယ်။ လက်ရှိမှာ စက်တပ်လေထီးအသုံးပြုပြီးတိုက်ခိုက်နေပါတယ်။ လေယာဉ်တော့မပါသေးဘူး။ လက်ရှိအခြေအနေအရ မြို့ကိုအင်အားအလုံးအရင်းနဲ့ပတ်ပတ်လည်ကာထားပြီး မြို့ထဲကလူတွေကိုလိုက်ဖမ်းနေတယ်”လို့ CDSOM က တာဝန်ရှိသူ ကိုနွေဦးက Burma VJ ကိုပြောပါတယ်။
ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မြောင်မြို့ပေါ်နဲ့ အနီးအနားကျေးရွာက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့သိရပါတယ်။







Comments