မြင်းခြံမြို့ ဆင်းဂွတ်ရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံပြည်သူ ၁၇ ဦး သေဆုံး
- BVJ

- Jan 28, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၆ ၊ ၂၀၂၅

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆင်းဂွတ်ကျေးရွာမှာရှိတဲ့ မူလတန်းစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ကလေးအပါအဝင် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၇ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဆင်းဂွတ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေရာတင်သေဆုံးတာက ၁၆ ဦး၊ ထိခိုက်တဲ့အထဲကနေ ထပ်ပြီးသေဆုံးတာက ၁ ဦးနဲ့ နောက်ထပ်ပြင်းထန်ဒဏ်ရာတဲ့သူတွေလည်း ရှိသေးတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲပြီး နောက် ၁၀ မိနစ်လောက်နေတော့ Mi35 ရဟတ်ယာဉ်နဲ့ စက်သေနတ်တွေ ထပ်ပစ်တာ” လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ ဦးထဲမှာ ကလေး ၂ ဦးအပါအဝင် မိသားစုတစ်စုလုံး သေဆုံးခဲ့တာရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ကျေးရွာစာသင်ကျောင်းမှာ အနီးနားဝန်းကျင် ဒေသခံပြည်သူတွေ ခရီးသွားချိန် လမ်းခုလတ် ခရီးတထောင့်နားရာ နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဆင်းဂွတ်ရွာဟာ မြင်းခြံမြို့ - တလုပ်မြို့ - ဆီမီးခုံမြို့တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမနံဘေးမှာရှိပြီး မြင်းခြံမြို့နယ်နဲ့ ၁၄ မိုင်ခန့် ကွာဝေးသလို ဆီမီးခုံမြို့နယ်နဲ့ ၂ မိုင်ကျော်ခန့် ကွာဝေးပါတယ်။
“ကျေးရွာစာသင်ကျောင်းက ဒေသခံတွေ အနီးနားရွာ ဆေးခန်းတွေမှာ ဆေးကုဖို့သွားချိန်ဆိုရင် ဒီနေရာ တထောင့်နားကြတာ။ ကြီးကြီးမားမား ရောဂါမျိုးဆို မြို့ပေါ်တက်ကုရမှာမျိုး ဒီမှာ တစ်ညအိပ် နားကြတာမျိုးပေါ့။ တော်ရုံတန်ရုံ နေမကောင်းတာမျိုးဆို အနီးနားကျေးရွာ ဆေးကုလို့ရမယ့်နေရာတွေမှာပဲ ကုကြတာပါ”လို့ ဒေသခံက ပြောပါတယ်။
ဆင်းဂွတ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၇၇၂ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၁၇ ဦးထက်မနည်း သေဆုံးခဲ့ကာ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အပြစ်မဲ့ပြည်သူ သေဆုံးမှု အများဆုံးရှိခဲ့တယ်လို့ မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ (Myanmar Peace Monitor) ကလည်း ထုတ်ပြန်ထားပါတယ်။







Comments