မဟာမိတ်အဖွဲ့ကလူတွေကို NUGအစိုးရအဖွဲ့အတွင်း အားသစ်လောင်းဖြည့်ဆည်းဖို့ ယာယီသမ္မတပြော
- BVJ

- Jan 15
- 1 min read
တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်သူများရှိတာကြောင့် တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ဝန်ကြီးချုပ်မှာ
-----
BVJ/မိုနာ_ ဇန်နဝါရီ ၁၅၊ ၂၀၂၅

တိုင်းရင်းသားမဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်းအားဖြင့် ပိုမိုကျယ်ပြန့်တဲ့တော်လှန်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မနေ့က ဇန်နဝါရီ ၁၄ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားပါတယ်။
“တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲ အခြေအနေထက်ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
ဒါ့အပြင် ပသုံးလုံးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးလက်မနှေးဖို့ကိုလည်း မှာကြားပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ်ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည်မှုကို ခိုင်ခိုင်မာမာရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ဝန်ကြီးချုပ်မန်းဝင်ခိုင်သန်းကလည်း NUGဝန်ကြီးဌာနတွေနဲ့ပတ်သက်ပြီး ထောက်ပြပြောဆိုခဲ့သလို အစိုးရအနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေဘဲကြိုးပမ်းဖို့ အစည်းအဝေးမှာပြောပါတယ်။
“အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန်ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေအတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုးတွေလည်းရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားရင်း နိဂုံးချုပ်ပါတယ်”လို့ ဝန်ကြီးချုပ်ကပြောကြားတာပါ။
NUGအစိုးရအဖွဲ့အနေနဲ့ အခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ အခြေစိုက်ရုံးပြုလုပ်ဖို့ရှိနေပြီး မြေပြင်အခြေအနေတွေကို စီမံကွပ်ကဲမှာဖြစ်သလို ဝန်ကြီးဌာနတချို့ကို အပြောင်းအလဲပြုလုပ်မယ်လို့လည်း NUGတာဝန်ရှိသူတွေက သတင်းမီဒီယာတွေကိုပြောထားပါတယ်။







Comments