မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်က လူငယ် ၃ ဦးကို အုပ်ချုပ်ရေးမှူးကဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းပို့ဆောင်
- BVJ

- Mar 20
- 1 min read
၂၀၂၅ ပထမသုံးလအတွင်း ရန်ကုန်တိုင်းမှာ စစ်ကောင်စီဖမ်းဆီးပြီး တပ်သားသစ် အဓမ္မစုဆောင်းခံရသူ ၁၀၀၀ ကျော်အထိ ရှိလာ
BVJ/အိုင်းရစ် _ မတ် ၁၈ ၊ ၂၀၂၅

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်က လူငယ် ၃ ဦးကို အုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး အခု မတ်လဆန်းပိုင်းမှာ စစ်ကောင်စီအတွက် အဓမ္မစစ်မှုထမ်းပို့ဆောင်ခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်မှာနေထိုင်သူတစ်ဦးထံက သိရပါတယ်။
အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့လူငယ် ၃ ဦးထဲက ၂ ဦးဟာ ခိုးမှု၊ မူးယစ်သောင်းကျန်းမှုတို့နဲ့ ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ ငွေကြေးအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး ပရဟိတအသင်းတစ်ခုက စွပ်စွဲခဲ့တာကြောင့် အမှတ် ၂ ရပ်ကွက်ရုံးမှာ ဖြေရှင်းနေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
“အခုစစ်မှုထမ်းပို့ခံလိုက်ရတဲ့ ၃ ဦးထဲမှာပါတဲ့ ငွေကြေးကိစ္စနဲ့စွပ်စွဲခံရတဲ့လူငယ်က ပရဟိတအသင်းတစ်ခုနဲ့ ရပ်ကွက်ရုံးမှာ ငွေကြေးကိစ္စရှင်းနေချိန် အဖမ်းခံရပြီး စစ်မှုထမ်းအပို့ခံလိုက်ရတာ။ ဒီလ ၅ ရက်နေ့ ညနေပိုင်းကတည်း ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်းပို့လိုက်တာလို့ သိရတယ်။ သူက အသက် ၂၀ ကျော်ပဲ ရှိသေးတယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက Burma VJ ကို အတည်ပြုပြောပါတယ်။
အမှတ် ၂ ရပ်ကွက်အတွင်းက လူငယ်တွေကို အဓမ္မစစ်မှုထမ်းပို့ဆောင်ခဲ့သူဟာ အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်ဆိုသူဖြစ်ပြီး လူငယ် ၃ ဦးဟာ စစ်ကောင်စီ ထပ်မံဖွင့်လှစ်တဲ့ အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံခဲ့ရတာလည်းဖြစ်တယ်လို့ ပြောပါတယ်။ ငွေကြေးကိစ္စ စွပ်စွဲခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့လူငယ်နဲ့ အခုချိန်ထိ အဆက်အသွယ်မရတော့တာကြောင့် မိသားစုဝင်တွေကလည်း စိုးရိမ်သောကရောက်နေရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက အပတ်စဉ်စစ်မှုထမ်းတပ်သားသစ် စုဆောင်းဖို့အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် လူငယ်၊ လူလတ်ပိုင်းတွေကို အဓမ္မဖမ်းဆီးမှုတွေရှိနေပြီး ကာလတိုစစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ်း ၉၊ ၁၀၊ ၁၁ အတွက် တပ်သားစုဆောင်းမှုကြောင့် ၂၀၂၅ ခုနှစ် ပထမသုံးလအတွင်း ရန်ကုန်တိုင်းအတွင်း လူငယ် ၁၀၀၀ ကျော်ဟာ ဖမ်းဆီးခံခဲ့ရပြီး အဓမ္မစစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရတယ်လို့လည်း ရန်ကုန်စစ်ရေးသတင်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ Rangoon Scout Network (RSN) ကလည်း ပြောပါတယ်။
“အခု ၂၀၂၅ ဇန်နဝါရီလကနေ မတ်လထိ စစ်မှုထမ်း အမှတ်စဉ် (၉၊ ၁၀၊ ၁၁) အတွက် လူတွေ လိုက်စုဆောင်းပြီး စစ်သင်တန်းကျောင်းတွေဆီ ပို့လိုက်ပြီးပါပြီဗျ။ ရန်ကုန်တိုင်းမှာ သင်တန်းကျောင်းက ၂ ခုပါ။ သင်တန်းကျောင်း ၂ ခုစာပေါင်း တစ်လကို လူ ၄၀၀ ဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ သုံးလစာ လူ ၁၀၀၀ ကျော် ရှိပါမယ်”လို့ RSN ကလည်း Burma VJ ကို ပြောပါတယ်။
စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူတွေကို ရန်ကုန်တိုင်းအတွင်းက သင်တန်းကျောင်းတွေအပြင် ရန်ကုန်တိုင်းပြင်ပက စစ်သင်တန်းကျောင်းတွေကိုလည်း ပို့ဆောင်တာရှိနေပြီး မြေပြင်မှာ ဖမ်းဆီးခံရမှုအရေအတွက် ဒီထက်များနိုင်တယ်လို့လည်း RSN က ပြောပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုကို ဥပဒေနဲ့အညီ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပေမဲ့ မသန်စွမ်းသူတွေကိုလည်း စစ်မှုထမ်းအဓမ္မခေါ်ဆောင်မှုတွေရှိနေတယ်လို့လည်း Burma VJ က စုံစမ်းသိရှိထားရပါတယ်။







Comments