မန္တလေးတိုင်း ကူမဲမြို့အနီးမှာ ရစ်ချ်စကေး ၅.၂ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်
- BVJ

- May 17
- 1 min read
BVJ/ထက်အောင် _ မေ ၁၇ ၊ ၂၀၂၅

မန္တလေးတိုင်း မြစ်သားမြို့နယ် ကူမဲမြို့အနီးကို ဗဟိုပြုပြီး ရစ်ချ်စကေး ၅.၂ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒသုတေသနအဖွဲ့ (USGS) နဲ့ မြေငလျင်သတင်းများစင်တာတို့က ဒီနေ့ မေလ ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
မြေအောက်အနက် ၁၀ ကီလိုမီတာ (၂၂ မိုင်)၊ ရစ်ချ်စကေး ၅.၂ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်ဟာ ဒီနေ့ည ၁၀ နာရီ ၂၄ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ဗဟိုချက်နေရာက မြစ်သားမြို့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာမှာဖြစ်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ဖော်ပြထားပါတယ်။
ကူမဲမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မိနစ်အနည်းငယ်ကြာမြင့်ခဲ့ပြီး မန္တလေးတိုင်းနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာရှိတဲ့ ဒေသခံတွေကလည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတယ်လို့ လူမှုကွန်ရက် (Facebook) မှာ ရေးသားထားကြပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၇၄ ကြိမ်အထိရှိခဲ့ပြီး အခု မေလ ၆ ရက်နေ့ကတည်း ရန်ကုန်တိုင်း လှည်ကူးအရှေ့ဘက် အင်းတကော်အနီး ဇရပ်ကွင်းကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စကေး ၃.၇ အဆင့်ရှိငလျင်ကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဒေသအချို့မှာ အဆောက်အအုံထိခိုက်ပြိုကျမှု အများအပြားဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ပြည်သူ ၃၇၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







Comments