မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၅ ရက်အတွင်း အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့
- BVJ

- May 17
- 1 min read
BVJ/အိုင်းရစ် _ မေ ၁၇ ၊ ၂၀၂၅

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့ကို အခု မေလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က ထုတ်ပြန်ထားပါတယ်။
အခု မေလ ၁၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ကျေးရွာ စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦး၊ သံဃာတစ်ပါးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။
MDY PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့ပေါ်၊ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက မေလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူသေဆုံးမှု ၇၀ ကျော်အထိရှိခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၄၁ ဦးအထိရှိခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ရွာက လူစည်ကားရာဈေးတန်းတစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့သလို နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။
မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ၂၀၂၅ ပထမငါးလအတွင်း အရပ်သားပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ Myanmar Peace Monitor က ကောက်ယူထားတဲ့ အချက်အလက်များအရ သိရပါတယ်။
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ အကူအညီ အထောက်အပံ့တွေနဲ့ နည်းပညာအကူအညီတွေ ဆက်လက်ပေးနေပြီး စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးစက်ရုံတွေမှာ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ လက်နက်ခဲယမ်းထုတ်လုပ်မှုတွေကိုလည်း တရုတ်နိုင်ငံက ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မေ ၁၅ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။















Comments