မင်းတပ်နဲ့ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀နီးပါးရှိလာ
- Zayar Oo
- Dec 20, 2024
- 1 min read
◾မြို့သိမ်းတိုက်ပွဲ အပြီးသတ်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ
BVJ/မိုနာ_ ဒီဇင်ဘာ ၂၀၊ ၂၀၂၄

ချင်းညီနောင်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွေမှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (၁၇၀)နီးပါးရှိတယ်လို့ ချင်းညီနောင်က ဒီနေ့ ဒီဇင်လာ ၂၀ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်လာပါတယ်။
ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေ ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် အခုနှစ် နိုဝင်ဘာ ၉ရက်က စတင်ကာ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတာပါ။
အဲ့ဒီမြို့သိမ်းတိုက်ပွဲတွေအတွင်း လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကို စစ်ကောင်စီဘက်ကပစ်ခတ်တိုက်ခိုက်နေပေမယ့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းတွေကို သိမ်းယူနိုင်ပြီးဖြစ်သလို မင်းတပ်မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင် အင်အား(၁၂၃)ဦးဟာ မိသားစုတွေနဲ့အတူ ဒီဇင်ဘာ ၁၅ရက်မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဖလမ်းမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၄၅)ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၂ရက်မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။
ချင်းညီနောင်အနေနဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ရဲတွေတပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄မိုင်ကုန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလို့လည်း သိရပါတယ်။
ဒါကြောင့် ချင်းညီနောင်အနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေကြောင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေးကို မဟာမိတ်အင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ထုတ်သွားမယ်လို့ ကြေညာထားပါတယ်။



















Comments