ဘီလင်းမြို့နယ် လှဂွန်းပျိုစခန်းက စစ်ကောင်စီဗိုလ်မှူးအပါအဝင် ၁၆ ဦး လက်နက်နဲ့အတူ အလင်းဝင်
- BVJ

- Jan 10
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၀ ၊ ၂၀၂၅

မွန်ပြည်နယ် ဘီလင်းမြို့နယ် လှဂွန်းပျိုရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူပေါင်းအဖွဲ့တွေက အခုလ ဇန်နဝါရီ ၇ ရက်မှာ သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ချအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဘီးလင်း-ဖာပွန်ကားလမ်းမအနီးမှာရှိတဲ့ လှဂွန်းပျို (ခို့သွိထ) စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ ပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၇ ရက်နေ့က သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လှဂွန်ပျိုစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်တွေနဲ့အတူ အလံဖြူထောင် အလင်းဝင်ခဲ့ပေမဲ့ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် KNLA ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။
အလံဖြူထောင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ၈၀မမ ၁ လက်၊ ၆၀မမ ၁ လက်၊ ၅၀မမ ၁ လက်၊ စက်လက် ၁ လက်၊ စနိုက်ဘာ ၁ လက်၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်တို့ကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။
ဖာပွန်-ဘီးလင်းကားလမ်းမအနီးမှာရှိတဲ့ စစ်ကောင်စီ လှဂွန်းပျိုတပ်စခန်းဟာ တပ်ရင်းအဆင့်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး ဖာပွန်မြို့ကို ထောက်ပို့ရေးလုပ်ဆောင်ရာမှာ အဓိကထောက်ပို့ရေးလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။





























Comments