ဘောလခဲက စစ်ကောင်စီတပ်စခန်း ကရင်နီပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ

- Mar 23, 2025
- 1 min read
BVJ/ထက်အောင် _ မတ် ၂၂ ၊ ၂၀၂၅

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ကာကင်းစခန်းတစ်ခုကို မနေ့ မတ်လ ၂၁ ရက်မှာ ကရင်နီတပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ထံက သိရပါတယ်။
ဘောလခဲမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီ အမှတ် ၅၁၅ ခြေမြန်တပ်ရင်းနဲ့ တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁ ခြေလျင်တပ်ရင်းတို့ရှိနေတဲ့ ကာကင်းစခန်းတစ်ခုကို ကရင်နီတပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဘောလခဲအခြေစိုက် တပ်ရင်းတွေနဲ့ ဗျူဟာစခန်းတွေကို ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
“ဘောလခဲကို ကာထားတဲ့ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်တာမျိုးရှိခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မပြောလိုသေးပါဘူး” လို့ KNDF ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကလည်း Burma VJ ကို ပြောပါတယ်။
ဘောလခဲမှာ ကရင်နီတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းရှိနေပြီး အခု မတ်လ ၁၈ ရက်က စတင်ခဲ့တဲ့ ဘောလခဲ ဗျူဟာတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုဘက်က ရဲဘော် ၄ ဦး ကျဆုံးခဲ့ပါသေးတယ်။ ဘောလခဲကာကင်းစခန်းကို သိမ်းယူချိန် လက်နက်ခဲယမ်းအများအပြားကိုလည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ် မိုးဗြဲမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး လွိုင်ကော်-ဆီဆိုင်လမ်းမကြီးမှာလည်း တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်တာကြောင့် ယင်းလမ်းမကြီးကို မတ်လ ၂၀ ရက်နေ့ကစပြီး ယာယီပိတ်ထားကြောင်းနဲ့ ခရီးသွားလာခြင်း မလုပ်ဆောင်ဖို့ KNDF က ထုတ်ပြန်ထားပါသေးတယ်။












Comments