ဘုန်းတော်ကြီးသတ်ဖြတ်မှု သံသယတရားခံတပ်ဖွဲ့ဝင်တွေ ကို NUGကာကွယ်ရေးဝန်ကြီးဌာန ခုံရုံးတင် စစ်ဆေးနေ
- BVJ

- Feb 19
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ကို သတ်မှုနဲ့ဖမ်းဆီးထားတဲ့ သံသယတရားခံ(၁၀)ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုတွေဆောင်ရွက်နေပြီလို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ရက်မှာ ကြေညာပါတယ်။
သက်တော် ၄၄ နှစ်ရှိ မန္တလေးဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin)ဟာ အခုလ ၁၄ရက် ညနေခြောက်နာရီအချိန်မှာ ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။
အဲ့ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး NUGအနေနဲ့များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကျူးလွန်သူတွေကိုလည်း တရားဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေး အပူတပြင်းလုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။
PDF ရွှေဘိုခရိုင်တပ်ရင်း(၅)နဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)တွေက သတင်းရတာနဲ့ တပြိုင်နက်ပူးပေါင်းပြီး သံသယတရားခံ(၁၀)ယောက်ကို နေ့တွင်းချင်းဖမ်းဆီးခဲ့တာကြောင့် လတ်တလောစုံစမ်းစစ်ဆေးချက်တွေအရ သံသယတရားခံတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်းသိရှိရတယ်လို့ NUGက ထုတ်ပြန်ပါတယ်။
ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံးရုံးတင်စစ်ဆေးပြီး တရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဘာသာရေးခေါင်းဆောင်တွေအပါအဝင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မည်သည့်အဖွဲ့အစည်းကကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူတွေကိုလည်း ကျောသားရင်သားမခွဲခြားဘဲတရားဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့လည်း NUGကထုတ်ပြန်ပါတယ်။







Comments