ဘယ်လ်ဂျီယံအသင်းရဲ့လှောင်ပြောင်မှုနဲ့ ဝေဖန်မှုတွေအောက်က ထရမ့်နဲ့ ဖီဖာတို့ရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်
- aung thwin
- Jul 7
- 2 min read

အေတီ
အိမ်ရှင် အမေရိကန်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံအသင်းသားတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထူးခြားတဲ့ အကဟန်ပုံစံမျိုး အတုယူပြီး လှောင်ပြောင် အောင်ပွဲခံခဲ့ကြပါတယ် ။ အဲ့ဒီပွဲမှာ ရိုမီလူ လူကာကူ ဂိုး သွင်းပြီးနောက် အသင်းလိုက် အောင်ပွဲခံတဲ့အချိန်မှာ ဘယ်လ်ဂျီယံ ကစားသမားသမားတွေက MAGA စုဝေးပွဲတွေမှာ ထရမ့်ကလေ့ရှိတဲ့ နာမည်ကျော် အကဟန်ပုံစံမျိုး အတုယူ ကပြကြပြီး လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် သမ္မတထရမ့်က ဘော့စနီးယားအသင်းကို အမေရိကန်က အနိုင်ရခဲ့တဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ရတာကို ပယ်ဖျက်ပေးဖို့ FIFA ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ကို ဖိအားပေးတောင်းဆိုခဲ့တဲ့ ကိစ္စက အငြင်းပွားဖွယ်ရာကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဒီ လုပ်ရပ်ဟာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ဂယက်ရိုက်ခတ်စေခဲ့ပါတယ်။ဒါ့အပြင် ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာလည်း ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘာလိုဂန်ရဲ့ အနီကဒ်ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ ဖီဖာဥက္ကအင်ဖန်တီနို ကို ဖုန်းဆက် တောင်းဆိုခဲ့တဲ့အကြောင်း ဒေါ်နယ်ထရမ့်ကိုယ်တိုင်က တနင်္လာနေ့မှာ အံ့အားသင့်ဖွယ် ဂုဏ်ယူတဲ့ပုံစံမျိုးနဲ့ ပြောခဲ့ပါတယ်။ ဘာလိုဂန်ကို အနီကတ်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က "သံသယဖြစ်ဖွယ်" ရှိကြောင်း ဝေဖန်ခဲ့ပြီး ပြစ်ဒဏ်ကို ပယ်ဖျက်ပေးတဲ့ FIFA ၏ ဆုံးဖြတ်ချက်ဟာ "တကယ် ထက်မြက်တဲ့ ဆုံးဖြတ်ချက်" လို့တောင် ထရမ့်က ချီးကျူးခဲ့ပါသေးတယ်။
"ကျွန်တော်က အားကစားကို ချစ်တဲ့သူ၊ အားကစားသမားကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် အားကစားကို တကယ်နားလည်ပါတယ်" လို့လည်း သူက ပြောပါတယ်။ "ဒါက ဖျက်ထုတ်မှု မဟုတ်ပါဘူး... သူတို့နှစ်ယောက် အရှိန်ပြင်းပြင်းနဲ့ ပြေးရင်း တိုက်မိကြတာပါ။ တစ်ယောက်ယောက်ရဲ့ ခြေထောက်ပေါ်ကို တမင်တကာ သွားနင်းတာမျိုး မဟုတ်ပါဘူး... ဒါက ကစားသမားကောင်းနှစ်ယောက် အချင်းချင်း ရုန်းရင်း ဆန်ခတ် ဖြစ်သွားတာပါ။ ဒီဒိုင်လူကြီးက နည်းနည်းတော့ သံသယဖြစ်စရာကောင်းတယ်။ သူ့ရဲ့ အတိတ်ကို စစ်ကြည့်ရင် သိနိုင်ပါတယ်။ အငြင်းပွားမှုတွေ မဖန်တီးချင်လို့သာ မပြောတော့တာပါ၊ ဒါပေမဲ့ အရမ်းကို သံသယဖြစ်စရာကောင်းတယ်" လို့ ထရမ့်က ဆက်ပြီးဖြည့်စွက်ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘာလိုဂန်ကိုလည်း သူအားပေးတဲ့ အကောင်းဆုံးကစားသမား လို့ ခေါ်ဆိုခဲ့ပြီး "မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို၊ ဒါမှမဟုတ် ဟာရီကိန်းတို့ တစ်ယောက်ယောက်ကိုသာ တိုက်မိရုံနဲ့ ပွဲကနေ ထုတ်လိုက်မယ်ဆိုရင် ဘယ်လိုနေမလဲ။ အဲဒါဆိုရင် ဒီပြိုင်ပွဲကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာပဲ" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လီဗာပူးနည်းပြဟောင်း ယာကန် ကလော့ပ် အပါအဝင် နိုင်ငံရေးသမားတွေ အားကစားအဖွဲ့အစည်းတွေကတော့ ဘောလုံးပွဲကိစ္စမှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်တဲ့ ထရမ့်လုပ်ရပ်အပေါ် စိတ်ဆိုး ဒေါသထွက်နေကြပါတယ် ။ ကလော့ပ်က "ဒါက သူတို့ပိုင်တာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ အားကစားပါ။ ဒေါ်နယ်ထရမ့်နဲ့ ဂျီယန်နီ အင်ဖန်တီနိုတို့ ဒီကိစ္စကို သူတို့ဘာသာ ညှိနှိုင်းလိုက်ကြတာဆိုရင် ဒါဟာ ရူးမိုက်တဲ့ လုပ်ရပ်ပဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အရာအားလုံးက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်”လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။
ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက သူ့အနေနဲ့ "ဆုံးဖြတ်ချက်ချမှတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲခွင့်နဲ့ ဆုံးဖြတ်ချက်တွေကို အမြဲလေးစားလိုက်နာမှာဖြစ်ကြောင်း" ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဖိုလာရင် ဘာလိုဂန် အနီကတ်ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ဖုန်းခေါ်ဆိုမှုကို သူ လက်ခံရရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ အင်ဖန်တီနိုက "ကျွန်တော်ဟာ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့ဖလားကိစ္စတွေကို ပုံမှန်ဆွေးနွေးလေ့ရှိပါတယ်။ ဒီကိစ္စမှာလည်း တခြားနိုင်ငံရေးခေါင်းဆောင်တွေ၊ ဘောလုံးလောက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသလိုမျိုးပဲ သမ္မတ ဒေါ်နယ်ထရမ့်ဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်တို့ စကားပြောဆိုစဉ်မှာ FIFA ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး အဖွဲ့အစည်းတွေမှာ လုပ်ငန်းစဉ်တွေ ရှိနေကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကသာ ဆုံးဖြတ်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်" လို့ အခုလို ဖြေရှင်းချက်ပေးခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ အမေရိကန်နဲ့ ဘယ်လ်ဂျီယံမှာ ပွဲစပြီး ၉ မိနစ်မှာပဲ ချားလ်စ် ဒီ ကီတလာရေးက ဘယ်လ်ဂျီယံအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါ။ ပွဲချိန်၃၀မိနစ်မှာ အမေရိကန်တို့ ချေပဂိုးရရှိခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ ဘယ်လ်ဂျီယံက ဒီ ကီတလာရေးကပင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အမေရိကန်တို့ အားသွန်ခွန်စိုက် ကြိုးစားပေမယ့် ပွဲချိန် ၅၇ မိနစ်မှာ အမေရိကန်ဂိုးသမား မက်တ်ဖရီဆေးရဲ့ အမှားကြောင့် ဟန့်စ် ဗန်နာကင်က သွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယံတို့ တတိယဂိုး ရရှိခဲ့ပါတယ် ။ ပွဲပြီးခါနီး ဒဏ်ရာရအချိန်ပို ၉၃မိစ်မှာ ရိုမီလူ လူကာကူက စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဘယ်လ်ဂျီယံအသင်း ကွာတားဖိုင်နယ် တက်လှမ်းသွားနိုင်ခဲ့ပြီး အိမ်ရှင် အမေရိကန်အသင်း ပြိုင်ပွဲက ထွက်ခွာသွားရပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲမှာ အမေရိကန်ရှုံးသွားတာက တစ်ခုကောင်းတယ်လို့ပြောရပါမယ်။ တကယ်လို့ အမေရိကန်သာ မတော်တဆ အနိုင်ရသွားရင် ဘာလိုဂန်အနီကတ်ပြခံထားရတဲ့ကိစ္စကို အမေရိက န်သမ္မတဒေါ် နယ်ထရမ့်ရဲ့ဖိအားပေးမှုကြောင့် ဖီဖာက ပယ်ဖျက်ပေးလိုက်တဲ့ကိစ္စဟာ ဝေဖန်မှုတွေမြင့်တာပြီး အသံတွေဒီ့ထက် ပိုကျယ်လောင်လာမှာ သေချာပါတယ်။




Comments