ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသား ၁၉ ဦးကို ထိုင်းစစ်တပ်က မဲဆောက်မှာဖမ်းဆီး
- BVJ

- Feb 11
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသား (၁၉)ဦးကို ဟိုတယ်နှစ်ခုမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနကိပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန The Reporters က ဖော်ပြထားပါတယ်။
ထိုင်းတပ်မတော် နယ်ခြားစောင့်အထူးတပ်ဖွဲ့၊ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ Cyber ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက မဲဆောက်မြို့နယ်အတွင်း ဟိုတယ်နှစ်ခုကို ဝင်စစ်ဆေးရာ ဗီယက်နမ်နိုင်ငံသား (၄)ဦး၊ အိန္ဒိယနိုင်ငံသား (၈)ဦး၊ အီသီယိုးပီးယားနိုင်ငံသား (၆)ဦးနဲ့ ဆီရာလီယွန်နိုင်ငံသား (၁)ဦးတို့ကို ဗီဇာသက်တမ်း ကျော်လွန်နေထိုင်နေသူတွေကို ဖမ်းဆီးမိခဲ့တာပါ။
မဲဆောက်မြို့နယ် Robinson ကုန်တိုက်အနီးက ဟိုတယ် နှစ်ခုကို ဝင်စစ်ဆေးချိန်မှာ ထိုင်းအာဏာပိုင်တွေက အင်အားအများအပြားအသုံးပြုပြီး ပိတ်ဆို့ရှာဖွေခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့တဲ့ မဲဆောက်မြို့မှာ နေထိုင်သူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
“Robinson နားက ဟိုတယ်နှစ်ခုကို ဝင်စစ်တာတွေ့တယ်။ အခု ဦးကြီးစိုး လက်ဖက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်ဘက် လမ်းကြားထဲကဟိုတယ်တွေကို ထိုင်းစစ်တပ်ရော ရဲတွေရော အများကြီး၊ အဲ့ဘက်လမ်းကြားတွေထဲမှာပါ ပိတ်ထားတာ၊ လမ်းမကြီးကနေ ဖြတ်သွားတဲ့သူတွေကိုလည်း စစ်ဆေးတာတွေ ရှိတယ်။ ပြီးတော့ စစ်ကားပေါ်မှာလည်း နိုင်ငံခြားသားတွေ ထိုင်နေတာတွေလည်း တွေ့ရတယ်” လို့ ဟိုတယ်အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက နိုင်ငံခြားသားအများစု တည်းခိုတဲ့ဟိုတယ်တွေကို ဝင်ရောက်စစ်ဆေးချိန်မှာ တည်းခိုနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ်မြို့တွေမှာ လူကုန်ကူးဂိုဏ်းတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို ထိုင်းအစိုးရက စီမံချက်ချနှိမ်နင်းမှုတွေလုပ်နေပြီး ဟိုတယ်၊ အိမ်ရာဝင်းတွေကိုလည်း ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် နယ်စပ်မြို့တွေအတွင်းမှာလည်း စစ်ဆေးရေးဂိတ်ချ စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး လုံခြုံရေးတင်းကြပ်မှုတွေကြောင့် တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေ မကြာခဏ ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။
Photo: The Reporters



















Comments