“ ဗလာနတ္ထိ ထိုရက်(၁၀၀) ”
- BVJ

- Jul 29
- 3 min read
လင်းယုန်နက်

မအလဆီမှာ တိုင်းပြည်ကို တိုးတက်စေနိုင်မယ့် ‘အတွေးအခေါ်၊ အမျှော်အမြင်’ ဆိုတာ ‘ဗလာနတ္ထိ’ ပါ
အာဏာသိမ်း၊ ရွေးကောက်ပွဲတုလုပ်ပြီး သမ္မတ ဖြစ်လာတဲ့မအလက အခွင့်အရေးရတိုင်း ၂၀၂၀ ရွေး ကောက်ပွဲရလဒ် လိမ်လည်မှုလို့ အကြီးအကျယ်ဝါဒဖြန့် ပြောဆိုနေတာက “အိုးမလုံ အုံပွင့်” တာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ‘ဗလာနတ္ထိ’ ဖြစ်နေတာကို ဖော်ပြနေတာပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က တရားမျှတတယ်ဆိုတာကို ပြည်သူလူထုကရော၊ ကမ္ဘာကပါ အသိအမှတ်ပြုပြီးသားပါ။ ကိုယ့်ကိုယ် ကိုယုံကြည်မှု ‘ဗလာနတ္ထိ’ ဖြစ်နေတဲ့ သမ္မတတုမအလက ဘယ်လိုလုပ် တိုင်းပြည်ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မှာလဲ။
လွှတ်တော်တုကနေ ရွေးကောက်တင်မြှောက်တယ်ဆိုတဲ့ သမ္မတတုဖြစ်လာခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံက နောက်ဆုံးမှာတော့ တရားဝင် အသိအမှတ်ပြုရမှာပဲလို့ စိတ်ကူးဖဲရိုက်နေတဲ့ စစ်အုပ်စုက ‘တူညီဆန္ဒ (၅) ရပ်အပေါ် လက်တွေ့တိုးတတ်မှုမရှိခဲ့ရင် အသိအမှတ်မပြုနိုင်’ ဆိုတဲ့ ဒီနှစ်ဇူလိုင်လက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ‘ခဲလေသမျှသဲရေကျ’ ဖြစ်ခဲ့ရပါပြီ။ အိပ်မက်မျှော်လင့်ချက်တွေက ‘ဗလာနတ္ထိ’ ဖြစ်သွားပါပြီ။ အာဆီယံက သမ္မတတုမအလရဲ့ အစိုးရတုကို တရားဝင် အသိအမှတ်မပြုခဲ့ရင် ကုလ သမဂ္ဂက တရားဝင် အသိအမှတ်ပြုဖို့ဆိုတာ ‘လေထဲတိုက်အိမ်ဆောက်’ တာ ဖြစ်သွားပါပြီ။ သမ္မတတုမအလမှာ တရားဝင်ကိုယ်စားပြုမှု ‘ဗလာနတ္ထိ ဖြစ်နေတာက ကွက်ကွက်ကွင်းကွင်း’ ကြီးကို ပေါ်လွင်ထင်ရှားနေပါပြီ။
ဘန်ကောက်အလွတ်သဘောဆွေးနွေးပွဲမှာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးတုက သူတို့ရဲ့လွှတ်တော်တုက အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် သဘောတူလက်ခံပါတယ်လို့ ဗြောင်လိမ်ပြီး သူတို့လိုချင်တဲ့ရလဒ် ထွက်ပေါ်မလာနိုင်မှန်း သိတဲ့အခါမှာတော့ သတင်းထုတ်ပြန်ချက်ထုတ်ပြီး လွှတ်တော်တုရဲ့ဆုံးဖြတ်ချက်ကို ၎င်းတို့အစိုးရအနေနဲ့ လေးစားလိုက်နာရမယ့် တာဝန်ရှိတယ်လို့ ‘ဗြောင်လိမ်၊ ဗြောင်စား’မျက်နှာပြောင်တိုက် ပြောဆိုလာပါတယ်။ ကျင့်ဝတ်သိက္ခာနဲ့ ဆုပ်ကိုင်ထားတဲ့မူဝါဒ ‘ဗလာနတ္ထိ’ ဖြစ်နေတဲ့ သမ္မတတု မအလရဲ့ အစိုးရတုအပေါ် ပြည်သူလူထုနဲ့ ကမ္ဘာကြီးက ဘယ်လိုလုပ် လေးစားလိုက်နာနိုင်မှာလဲ။

“ဗလာနတ္ထိ” သမ္မတတု မအလက ပြည်သူလူထုကို စည်းကမ်းရှိကြပါ၊ ကြိုးစားအားထုတ်ကြပါလို့ မိန့်ခွန်းရှည်ကြီးတွေ ‘ခြွေ’ နေတာက ပြည်သူလူထုအဖို့တော့ ခါးသီးစရာ ‘ပြက်လုံး’ သက်သက်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် လူထုက ကြိုးစားအားထုတ်မှုမရှိလို့ ‘သွင်းကုန်ကများ၊ ပို့ကုန်ကနည်းပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေရပါတယ်’ လို့ ‘ထမင်းရည်ပူလာ လျှာလွှဲ’ အပြစ်ပုံချနေတဲ့ သမ္မတတု ‘မအလ’ မှာ ‘တာဝန်ယူ၊ တာဝန်ခံမှု’ ဆိုတာက ‘ဗလာနတ္ထိ’ ပါ။
ပြည်ပပို့ကုန် တိုးမြှင့်ဖို့ဆိုတာ ‘ဘယ်လိုကုန်ပစ္စည်းမျိုးကို ဘယ်လိုဈေးကွက်ကို ဘယ်လို’ တင်ပို့မယ်ဆိုတဲ့ ‘တိကျတဲ့မူဝါဒ၊ ဒီမူဝါဒကို ပံ့ပိုးပေမယ့် လုပ်ငန်းစဉ်၊ လုပ်ငန်းစဉ်ကို ဖြစ်မြောက်စေမယ့် အစီအမံ’ တွေ မရှိခဲ့ရင် ရေမရှိဘဲ ငါမွေးဖို့ ကြိုးပမ်းတာနဲ့ အတူတူပါပဲ။ တိတိကျကျပြောရရင် သမ္မတတု မအလဆီမှာ တိုင်းပြည်ကို တိုးတက်စေနိုင်မယ့် ‘အတွေးအခေါ်၊ အမျှော်အမြင်’ ဆိုတာ ‘ဗလာနတ္ထိ’ ပါ။ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေရော၊ လူထုရဲ့နေ့စဉ်သုံး ‘စားသုံးကုန်’ ‘လူသုံးကုန်’ ပစ္စည်းတွေအားလုံးနီးပါးက ပြည်ပက သွင်းကုန်တွေအပေါ် မှီခိုနေရချိန်မှာ ‘သွင်းကုန်လိုင်စင်’ ချမပေးဘူးဆိုတာက ‘လူထုရဲ့နေ့စဉ်ဘဝ အခက်အခဲကျပ်တည်းအောင်’ ‘တိုင်းပြည်စီးပွားရေး အုတ်မြစ်ပြိုလဲသွားအောင်’လုပ်နေတာနဲ့ အတူတူပါပဲ။
ကြက်ဥဈေးနှုန်း သမိုင်းစံချိန်ချိုးလိုက်တာက အကောင်းဆုံးနမူနာပါ။ ‘တိရစ္ဆာန်အစားအစာမရှိ၊ ကာကွယ်ရေးရှာမရ၊ ကုသဆေးဝယ်မရ’ အခြေအနေတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေ ပြိုလဲကုန်တာက ဘာမှ အံ့ဩစရာ မရှိပါဘူး။ လက်ရှိမှာကို မွေးမြူရေးကဏ္ဍက ခါးကျိုးသွားပါပြီ။ ပြန်ရပ်တည်နိုင်ဖို့ဆိုတာ သွင်းကုန်သုညမူဝါဒ ကျင့်သုံးနေသရွေ့ (ဆက်လည်းကျင့်သုံးမှာပါ) ‘ကြက်ဥ၊ ဘဲဥ’ ကိုတောင် ပြည်သူလူထုက ‘အနိုင်နိုင်’ စားရမယ့်ဘဝ ရောက်သွားပါပြီ။ အပြစ်မဲ့ပြည်သူတွေကို နှစ်နာရီခွဲတစ်ကြိမ် ဗုံးကြဲသတ်ဖြတ်ဖို့ ရှိသမျှဒေါ်လာ ကုပ်ကပ် ‘ကျစ်’ ထားတဲ့ သမ္မတတုမအလရဲ့ မူဝါဒက ပြည်သူလူထုရဲ့ ဘဝတွေကို ရိုက်ချိုး၊ တိုင်းပြည်စီးပွားရေးကို ‘ဖြိုချ’ နေပါပြီ။ တိုင်းပြည်က “အနုပ်မက်၍ အခွက်ပျက်” တဲ့ကိန်းဆိုက်နေပါပြီ။ တိုင်းပြည်နဲ့လူထု လိုအပ်ချက်တွေကို ဖြည့် ဆည်းပေမယ့် ဒေါ်လာအကြွေအနုပ်လေးကို မစွန့်လွှတ်နိုင်တဲ့အတွက် တိုင်းပြည်စီးပွားရေး ပြိုလဲမယ့်ကိန်း ဆိုက်နေပါပြီ။ ဒါကိုမှ အရည်အချင်း ‘ဗလာနတ္ထိ’ လို့ မပြောရင် ဘာကိုပြောရမှာလဲ။

“မပေး ပေးပေး ငါ့ဒေါ်လာပေး” ဆိုတဲ့ ဒေါ်လာငမ်း ဖမ်းခံနေရတဲ့ သမ္မတတုမအလဟာ ‘အကြံကုန် ဂဠုန်ဆားချက်’ စိတ်ကူးနဲ့ သန်လျင်ရေနံချက်စက်ရုံကို လက်ပူတိုက် ပြန်လည်ဖို့ ‘တွက်ရေးကတော့ စက်သူဌေး’ ဇာတ် ကနေပြန်ပါပြီ။ ကျွမ်းကျင်တဲ့ပညာရှင်တွေက “ပြန်ပြင်တာထက် အသစ်ဆောက်တာက အကုန်အကျလည်းသက်သာ၊ စွမ်းဆောင်ရည်လည်း ပြည့်ဝမယ်” လို့ ပြောထားတဲ့ကြားထဲက သူ့သားကို ကန်ထရိုက်ချပေးပြီး “ဘနဖူး သိုက်တူးဖို့” ကြံနေတာပါ။ ဒါပေမဲ့ ‘ထင်သာထင် မဝင်ဘူး ကျောင်းအစ်မ...ရေ’ ကိန်းဆိုက်မှာက မြေကြီးလက်ခတ်မလွဲပါ။ ဒါကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ ‘မြန်မာပြည်က ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်ထုတ်မယ်’ လို့ စိတ်ရူးထလောက်အောင် နည်းပညာအသိအမြင်က ‘ဗလာနတ္ထိ’ ဖြစ်နေတာကိုး။ စိတ်ရူး ‘ထ’ နေပုံကလည်း ‘ပြောမဆုံးပေါင် တောသုံးထောင်’ ဆိုသလို ဖြစ်နေတာပါ။ မြေအောက်ရထားလမ်းကနေ အာကာသစီမံကိန်းအထိ ‘ထက်၊ အောက်’ မြေပြင် လက်ညှိုးထိုးမလွဲပါ။
‘လာ’ လာသေးတယ်။ ပြည်သူတွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလို့ တိုင်းပြည်မတည်ငြိမ်၊ မငြိမ်းချမ်းတာပါတဲ့။ မတရားအာဏာသိမ်းတဲ့အပေါ် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ လူထုကို ‘ခေါင်းတည့်တည့်ပစ်’ ‘ဒီနေ့ဖမ်း၊ နောက်နေ့အလောင်းပြန်ပို့’ ‘လူထုသပိတ်စခန်းတွေကို မတန်တဆ အင်အားသုံး အကြမ်းဖက်ဖြိုခွဲ’ ပြီး လက်နက်ကိုင် တော်လှန်ရေးကလွဲလို့ ‘မှတစ်ပါး အခြားမရှိ’ ကိန်းကို တွန်းပို့ခဲ့တဲ့ သမ္မတတု မအလက “မိကျောင်းမျက်ရည်ကျပြ” နေတာကတော့ ခံပြင်းနာကြည်းစရာပါ။
တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်ဆိုရင် အလွယ်လေးပါ။ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီး အာဆီယံတူညီဆန္ဒ (၅) ရပ်ကို အမှန်တကယ်လိုက်နာမယ်ဆိုတာ ပြလိုက်ရုံပါပဲ။ ပြည်သူလူထုရဲ့ ချွေးနည်းစာ အခွန်ဒေါ်လာတွေသုံးပြီး ဗုံးကြဲနေစရာ မလိုပါဘူး။ တိုင်းပြည်ရဲ့ အညွန့်အဖူး လူငယ်လေးတွေကို လူမိုက်ဂိုဏ်းလို ဖမ်းဆီး၊ စစ်တပ်ထဲထည့်၊ ရှေ့တန်းလွှတ် အသားလွတ် ‘လူ့အသက်’ တွေကို အလဟဿ အဆုံးရှုံးခံနေစရာ မလိုပါဘူး။ စစ်မှုထမ်းစာရင်းထဲ ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်သပ်မွေးထားတဲ့ လူမိုက်ဂိုဏ်းတွေက လူငယ်တွေကို တွေ့ရာနေရာ ပြန်ပေးဆွဲ၊ အိမ်ပေါ်တတ်ဖမ်းလုပ်နေတဲ့ ‘ငါ့အာဏာတည်မြဲရေးမှတစ်ပါး အခြားမရှိ’ ဇာတ်ခင်းနေတာဟာ တိုင်းပြည်ရဲ့အနာဂတ်ကို အသူတရာနက်တဲ့ ချောက်ကမ်းပါးကြီးထဲ ဆွဲချနေတာပါ။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးဟာ သမ္မတတု မအလက တိုင်းပြည်ကို ဘယ်နေရာဆီ ဆွဲခေါ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမယ့် အခြေအနေ ဖြစ်နေပါပြီ။ ဒေါ်လာချွေတာရေး ခေါင်းစဉ်အောက်ကနေ သွင်းကုန်လိုင်စင်တွေကို “ဦးပိုင် အမ်အီးစီ (MEC) နဲ့ သူ့လက်ဝေခံ” တွေကိုပဲ ချပေးနေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအာဏာကို သမ္မတတု မအလလက်ထဲမှာ ထိန်းချုပ်ထားဖို့ ကြိုးပမ်းနေတာပါ။ လွှတ်တော်တုမှာ “အစိုးရအကျပ်တွေ့စေမယ့် မေးခွန်းတွေမမေးပါနဲ့” လို့ ကြံ့ဖွံ့ဥက္ကဋ္ဌ ခင်ရီကို ပြောခိုင်းတာက တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို သမ္မတတု မအလလက်ထဲမှာပဲ ဆုပ်ကိုင်ထားဖို့ ကြိုးပမ်းနေတာပါ။ ‘ရဲဝင်းဦး’ နဲ့ ‘ကျော်စွာလင်း’ လို လက်သပ်မွေး တပည့်တွေကို စစ်တပ်ကို ဦးစီးစေတာကလည်း စစ်ရေးအာဏာကို သမ္မတတု မအလလက်ထဲမှာပဲ ရှိနေအောင် ဖန်တီးထားတာပါ။
လာလိုက်သေးတယ်၊ အတွေးအခေါ် ဗလာနတ္ထိဖြစ်နေတဲ့ သမ္မတတု မအလက လူထုရဲ့အတွေးအခေါ်ကို ‘ဆယ်နှစ် ဆယ့်ငါးနှစ်အတွင်း’ ပြောင်းလဲပစ်မယ်တဲ့။ နည်းပါတယ်။ သမ္မတတု မအလက တိုင်းပြည်နဲ့ လူထုကို ‘သူထားရာနေ စေရာသွား’ ကျွန်ဘဝ သွတ်သွင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ။ အာရှတိုက်မှာ မြောက်ကိုရီးယားလို အကြွင်းမဲ့အာဏာရှင်နိုင်ငံ တစ်နိုင်ငံ ထပ်ပေါ်ပေါက်အောင် ကြိုးပမ်းနေတာပါ။

ပြည်သူလူထုရော၊ အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံတွေအားလုံး သဘောပေါက်ရမယ့်အချိန် ရောက် နေပါပြီ။ အတွေးအခေါ် ‘ဗလာနတ္ထိ’ ၊ စေတနာ ‘ဗလာနတ္ထိ’၊ အရည်အချင်း ‘ဗလာနတ္ထိ’ ဖြစ်နေတဲ့ သမ္မတတု မအလဆီကနေ မျှော်လင့်ထားစရာဆိုလို့ ‘ဗလာနတ္ထိ’ပါ။ စစ်ယန္တရားအပါအဝင် တိုင်းပြည်ရဲ့ ယန္တရားအရပ်ရပ်မှာ အတွင်းကနေ ‘လှိုက်စား ဖြိုဖျက်’ ခံနေရတဲ့ အခြေအနေဟာ ‘အချိန်မရွေး’ အထွေထွေအကျပ်အတည်း ငလျင်ကြီး ကိုင်လှုပ်တာကို ခံရမယ့် ‘ရင်တမမ’ ကိန်းဆိုက်နေပါပြီ။
ဒီအထွေထွေ အကျပ်အတည်း ငလျင်ကြီး ကိုင်လှုပ်ခဲ့ရင် မြန်မာပြည်သူတွေနဲ့အတူ အာဆီယံ နိုင်ငံတွေ အပါအဝင် ဒေသတစ်ခုလုံး “ခါးစည်း” ခံရမှာကို သဘောပေါက်ရမယ့် အချိန်ရောက်နေပါပြီ။ ပွန်းပဲ့မှု မရှိ၊ သက်တောင့်သက်သာနဲ့ ဆေးမြီးတိုနဲ့ ကုသနိုင်တဲ့အချိန် ‘လွန်’ သွားပြီဆိုတာ လက်ခံ ကြရတော့မှာပါ။ ရေတိုအနာသက်သာတာကို လျစ်လျူရှုပြီး ရေရှည်အကျိုးစီးပွားအတွက် ‘ဆေးခါး’ ကြီးကို ကြိတ်မှိတ်မျိုချရမယ့်အချိန် ရောက်နေပါပြီ။ ‘ဗလာနတ္ထိ’ အနာဂတ်ကို ရှောင်လွှဲနိုင်ဖို့ ‘ဗလာနတ္ထိ’ သမ္မတတု ‘မအလ’ ကို ဖြုတ်ချရုံမှတစ်ပါး၊ အခြားမရှိ။ ။
လင်းယုန်နက်




Comments