ဗန်းမော်လေဆိပ်ဝင်းထဲ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်နေရာယူ
- BVJ

- Jan 28
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၆ ၊ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်ကျော့ပြန် ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီ အခြေစိုက်တပ်စခန်းတွေကို ထိုးစစ်ဆင်နေသလို ဗန်းမော်လေဆိပ်ကိုလည်း သိမ်းယူထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဗန်းမော်မြို့ လေဆိပ်ဝင်းထဲက လေယာဉ်ပြေးလမ်းမပေါ်ကို KIA ပူးပေါင်းတပ်တွေ ဝင်ရောက် လာတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက် (Facebook) မှာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ပျံ့နှံ့နေပါတယ်။
ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ်တွေက သိမ်းထားနိုင်ပြီးဖြစ်တယ်လို့ KIA စစ်မြေပြင်ရှေ့ တန်းသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောသလို လေဆိပ်ဝင်း တစ်ခြမ်းကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးဖောက်ဝင်ရောက်နိုင်ပြီး ရှင်းလင်းရေးလုပ်နေတာကို သိရတယ်လို့ Banmaw Scout Team က Burma VJ ကို အတည်ပြုပါတယ်။
ဗန်းမော်လေဆိပ်ဝင်း KIA ပူးပေါင်းတပ်တွေ ဝင်ရောက်မှု အခြေအနေနဲ့ပတ်သက်ပြီး KIA သတင်း ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အတည်မပြုနိုင်သေးကြောင်း Burma VJ ကို ပြန်လည်ဖြေကြားထားပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်တွေက မနေ့ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုထားပါတယ်။
“သံချပ်ကာတပ်ရင်းကို မနေ့က ညနေပိုင်း ၃ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သံချပ်ကာကား ၇ စီး သိမ်းယူနိုင်ခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အခုလ ဇန်နဝါရီ ၂၄ ရက်မှာ KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့အခြေစိုက်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမှတ် ၄၇ ခြေလျင် တပ်ရင်းအပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်းနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အခြေစိုက် နေရာကိုတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။







Comments