ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်လပြည့်တဲ့အချိန်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ
- BVJ

- Feb 5
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၅၊ ၂၀၂၅

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ရက်ကတည်းက စတင်ဖော်ဆောင်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ နှစ်လပြည့်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့က စကခ ၂၁ နဲ့ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဗန်းမော်မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး ဖော်ပြနေတဲ့ Banmaw Scout Team ကလည်း ဒီနေ့ ဖေဖော်ဝါရီ ၅ရက် နေ့လည်မှာ အသိပေးလာပါတယ်။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲကဆက်တိုက်ပဲမို့ လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီးတွေကလည်း နေ့တိုင်းနီးပါးပါပဲ။ ဒီနေ့လည်း လာပစ်တယ်။ နှစ်လဆိုပေမယ့် တိုက်ပွဲက အရှိန်ပျော့သွားတာမဟုတ်ဘဲ ပိုပိုပြီးပြင်းလာတာမျိုးဆိုတော့လေ”လို့ ဗန်းမော်ဒေသခံက BurmaVJ ကို ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA၊ ကျောင်းသားတပ်မတော်-ABSDF၊ ကချင်ဒေသကာကွယ်ရေးတပ်-KPDFနဲ့ ဒေသတွင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မှာ ၂၃၆ တပ်စခန်းနဲ့ စကစ ၂၁ တပ်စခန်းတို့ကိုထိုးစစ်ဆင်နေတာလို့ သိရပါတယ်။
ဗန်းမော်မြို့တွင်းက စစ်ကောင်စီရဲ့ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်းကို ဇန်နဝါရီ ၂၄ရက်ကအပြီးသတ်သိမ်းဆည်းနိုင်ခဲ့သလို အခုလ ၂ ရက်နေ့မှာ အမတ ၃၆၆ တပ်ရင်းကို KIAနဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။
အဲ့ဒီ အမတ ၃၆၆ တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၂၃၆ တပ်စခန်းနဲ့ စကစ ၂၁ တို့မှာ ပူးပေါင်းနေတယ်လို့ Banmaw Scout Teamက အသိပေးထားပါတယ်။







Comments