top of page

ဗန်းမော်၊မန်စီ မြို့ နှစ်မြို့ကို တပြိုင်ထဲသိမ်းနိုင်ရေး တိုက်ပွဲပြင်းထန်နေ

  • Writer: BVJ
    BVJ
  • Jan 9
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၈၊ ၂၀၂၅


ree

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မန်စီမြို့တို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိတစ်လကျော်ကြာတဲ့အထိ တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ပိုလုပ်လာပါတယ်။


စစ်ကောင်စီဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အရင် ဒီဇင်ဘာလက လေကြောင်းတိုက်ခိုက်မှုကို တရက် ငါးကြိမ်လောက်သာလုပ်ခဲ့ပေမယ့် အခုဇန်နဝါရီလမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကို တရက်ကို အကြိမ် နှစ်ဆယ်နှုန်းခန့် တိုးလုပ်လာတယ်လို့ ဗန်းမော်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေကို ဖော်ပြနေတဲ့ ဗန်းမော် Scout Teamက ဒီနေ့ မနက်မှာဖော်ပြပါတယ်။


လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး၊ ဒရုန်းမိုင်းတွေ ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေပျက်စီးမှုနဲ့ အရပ်သားပြည်သူထိခိုက်မှုဟာလည်း နေ့စဉ်ရှိနေတယ်လို့ ပြောထားပါတယ်။


ဗန်းမော်ဒေသခံတစ်ဦးက”ဗန်းမော်ဘက်မှာကတော့ စစ်တပ်စခန်းအတော်များများကိုရထားပြီ။ ရဲစခန်းတွေထဲမှာ သူတို့(စစ်ကောင်စီတပ်)မရှိကြတော့ဘူး။ စကစ ၂၁ဘက်မှာတော့ ကာကင်းတွေကျန်သေးတော့ တိုက်နေသေးတော့ တိုက်ပွဲကနေ့တိုင်းပါပဲ။ လေကြောင်းကလည်း တရစပ်ပဲပစ်နေတာ ကြဲနေတာ။ မန်စီဘက်မှာတော့ တပ်စခန်းတချို့ကိုထိန်းနိုင်ပြီ။ တချို့ကိုလည်းတိုက်နေဆဲပေါ့”လို့ Burma VJကိုပြောပါတယ်။





စစ်ကောင်စီတပ်ရဲ့ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းတွေကို ဖြတ်တောက်ထားပြီး တိုက်ခိုက်နေတာကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က လေကြောင်းကိုသာ အားကိုးနေရကြောင်း NUGသယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မနက်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောထားပါတယ်။


“ရန်သူ စကစ အင်အား အနေဖြင့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ မန်ဝန်းကြီးမြို့၊ ဆင်ဘိုမြို့၊ မြို့သစ်၊ ကုန်းလော၊ ယောယုံဗျူဟာ၊ စိန်လုံဗျူဟာ လို တပ်စခန်းကြီးများမှ တပ်ဆုတ်များ စုပေါင်းထားရာ နေရာဖြစ်ရာ၊ တိုက်ရည် ခိုက်ရည် တင့်တင့်ရှိပြီးသူများ စုဝေးရာ နေရာ ဖြစ်နေတာကတကြောင်း၊ ရန်သူ့ဖက်က လေကြောင်းအင်အားအများအပြား သုံးနိုင်တာက (မနေ့က တရက်တည်းမှာ ဂျက်ဖိုက်တာ ၁၈စင်း နှင့် ထောက်ပို့ယဉ် Y12 ၂ စင်း နဲ့ အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲ) တကြောင်း အခက်ခဲပေါင်းများစွာမှ တော်လှန်ရေးအင်အားစုများ အောင်မြင်မှုအထိုက်အလျှောက် ရရှိနေပါပြီ”လို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။


အဲ့ဒီမြို့နှစ်မြို့ဟာ နှစ်ပေါင်းများစွာပတ်ပတ်လည် အခိုင်အမာတည်ဆောက်ထားတဲ့ စစ်တပ်ရဲ့ခံတပ်စခန်းတွေ ဝန်းရံပိတ်ဆို့ထားတဲ့ စစ်ဒေသဖြစ်တယ်လို့လည်း ပြောထားပါတယ်။


မံစီနဲ့ဗန်းမော်တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသူတွေလည်းရှိပြီး ဗန်းမော်မြို့နယ်မှာတင် ထိခိုက်သေဆုံးသူမြို့ခံ (၁၅၀)ဝန်းကျင် ရှိနေပြီလို့ ဗန်းမော် Scout Teamက ဇန်နဝါရီ ၆ရက်က ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page