ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးရုံးစိုက်ရာ နယ်သာလန်နိုင်ငံ ကို လေယာဥ်နဲ့ ခေါ်သွားပြီ
- BVJ

- Mar 19
- 1 min read
BVJ/အေတီ _ မတ် ၁၁ ၊ ၂၀၂၅

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မနီလာလေဆိပ်ကနေ ICC အဖွဲ့ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပြီလို့ သိရပါတယ်။
ရိုဒရီဂိုဒူတာတေးကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)က ဒီနေ့ မတ်လ ၁၁ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးလိုက်ပြီးနောက် အဲ့ဒီကနေ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်တာဖြစ်ပါတယ်။ ဒူတာတေးကိုဖမ်းဆီးတင်ဆောင်သွားတဲ့ လေယာဥ်ဟာ နယ်သာလန်ကို တိုက် ရိုက်ပျံသန်းမှာလား၊ ကြားမှာ ICC အဖွဲ့ဝင်ဘယ်နိုင်ငံမှာ ခဏနားဦးမလဲဆိုတာ အတိအကျမသိရသေးပါဘူး။
ဒူတာတေး ဖမ်းဆီးခံရပြီးနောက် သူ့ကို ICC အဖွဲ့ဝင်နိုင်ငံတစ်နိုင်နိုင်ငံကို လွှဲပြောင်းပေးပြီးနောက် နယ်သာလန်ရှိ Hague သို့ လွှဲပြောင်းခံရမည်ဖြစ်ကြောင်း ICC လက်ထောက်အကြံပေး Kristina Conti က ပြောကြားထားပါတယ်။
ဒူတာတေးဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ချိန် လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပြီး သူ့သမ္မတကာလအတွင်း ၂၀၁၉ ခုနှစ်မှာ ICC အဖွဲ့ဝင်နိုင်ငံကနေ နုတ်ထွက်ခဲ့ပါသေးတယ်။

ဒူတာတေး သမ္မတတာဝန်ထမ်းဆောင်ချိန် လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိမ်နင်းမှုအတွင်း လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှုကျူး လွန်ခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ICC က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မဒူတာတေး အဖမ်းခံရပြီး ICCအဖွဲ့ရုံးစိုက်ရာ နယ်သာလန်နိုင်ငံကို ပို့ခံရ့ကိစ္စဟာ ထူးခြားဖြစ်စဥ်တစ်ခုလို့ပြောရမှာပါ။ လက်ရှိဖိလစ်ပိုင်သမ္မတ ဘန်ဘွန်းမားကို့စ်နဲ့ ဒူတာတေးရဲ့သမီး ဒုသမ္မတ ဆာရာဒူတာတေးတို့ကြား ဖြစ်ပွားနေတဲ့ အပြန်အလှန်တိုက်ခိုက်နေတဲ့ကိစ္စက ဒူတာတေးအဖမ်းခံရတဲ့ အဓိကအကြောင်းအချက်တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
သမ္မတဟောင်း ဒူတာတေးကို အိုင်စီစီက ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ သမ္မတ မားကို့စ်ဂျူနီယာက ပူးပေါင်းမှုလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အိုင်စီစီရဲ့ ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်မြေပေါ် မှာ ဒူတာတေးကို ဖမ်းလိုက်ပြီးတဲ့အခါမှာတော့ အားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူအဖြစ်စွပ်စွဲခံထားရတဲ့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ အိုင်စီစီတရားရုံးရှေ့ ရှေ့နေ Karim Ahmad Khan က ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အိုင်စီစီတရားရုံးမှာ တောင်းဆိုတင်ပြထားပါတယ်။
လတ်တလော အိုင်စီစီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ရှားသမ္မတ ပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ်နာတန်ယာဟု တို့လည်း ပါဝင်ပါတယ်။







Comments