ဖယ်ခုံမြို့နယ် အုံတိုင်းရွာမှာ ကျောင်းထိုင်သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး အသတ်ခံရ
- BVJ

- Mar 8
- 1 min read
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမယ်လို့ ဖယ်ခုံ PDF ထုတ်ပြန်
BVJ/ထက်အောင် _ မတ် ၅ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု အုံတိုင်းရွာ ဘုန်းကြီးကျောင်းအနီးမှာ ကျောင်းထိုင်သံဃာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦးတို့ မနေ့ မတ်လ ၄ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ကျောင်းထိုင်သံဃာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦးကို လက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ (ဖယ်ခုံ PDF ၊ ၁၀၀၆ တပ်ရင်း) ကလည်း ဒီနေ့ မတ်လ ၅ ရက်မှာ ထုတ်ပြန်ထားသလို ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၀၀၆ တပ်ရင်းနဲ့ လုံးဝမသက်ဆိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။
အုံတိုင်ကျေးရွာမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ သံဃာတော်ဟာ ဖယ်ခုံမြို့နယ် ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်သံဃာတော်တစ်ပါးဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဆီစက်လုပ်ငန်းရှင်တစ်ဦးရဲ့ သားဖြစ်တယ်လို့ ရှမ်းတောင်ပိုင်း လွယ်ပေါကျေးရွာနေ ဒေသခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
“မနေ့ညနေပိုင်းက ဖြစ်သွားတယ်ကြားတယ်။ ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်တာလဲဆိုတာတော့ သေချာမသိဘူး။ အဲ့ဦးဇင်းက ဖယ်ခုံအင်း အနောက်ဘက်ကမ်းမှာ ကျောင်းထိုင်တာ၊ မနေ့က အင်းအရှေ့ဘက်က နားဟီးဘက်မှာ စစ်ရှောင်နေတဲ့ သူ့ဒကာတစ်ယောက်ကို လာခေါ်တာလို့ သိရတယ်။ အဲ့ဦးဇင်းက ရှမ်းစာပေ ဖွံ့ဖြိုးရေး လုပ်နေတယ်လို့လည်း သိရတယ်၊ တခြားတော့ မသိရသေးဘူး” လို့ လွယ်ပေါကျေးရွာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဖယ်ခုံ PDF ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ လူတစ်စု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ဖော်ထုတ်နိုင်ဖို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပြီး ကျူးလွန်ခဲ့တဲ့အကြောင်းရင်း အမှုမှန်ပေါ်ပေါက်ရေးကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နားဟီးကျေးရွာအုပ်စုအပါအဝင် လွယ်ပေါရွာ၊ ,စံကားရွာတို့မှာ စစ်ကောင်စီတပ်၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။







Comments