ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်
- Zayar Oo
- Dec 28, 2024
- 1 min read
စစ်ဘေးရှောင်အများစုရှိရာနေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၄

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးကာ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် နေ့လည် ၃ နာရီခွဲဝန်းကျင်မှာ ပီကင်းကျေးရွာအတွင်းကို စစ်ကောင်စီလေကြောင်းက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကနဦးမြေပြင်သတင်းတွေအရ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) သတင်းပြန်ကြားရေး တာဝန်ခံ သာအယ်စိုးက ပြောပါတယ်။
“ဒီနေ့ နေ့လည် ၃ နာရီခွဲလောက်မှာ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာပါ။ ပြည်သူနေအိမ်တွေ ပျက်စီးသွားတယ်။ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရတယ်။ ဒီနေ့က ပီကင်းဈေးနေ့မဟုတ်ပေမဲ့ ဈေးမှာတော့ ဒေသခံပြည်သူတွေ အတော်များများရှိနေတာပါ” လို့ သာအယ်စိုးက ပြောပါတယ်။
ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ အများစုခိုလှုံနေတဲ့ လအိကျေးရွာ၊ ပီကင်းကျေးရွာနဲ့ လတိန်ကျေးရွာကို စစ်ကောင်စီကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာလည်းဖြစ်တယ်လို့ သာအယ်စိုးက ဆက်ပြောပါတယ်။
အခုလ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) ကလည်း မိုးဗြဲမြို့ပေါ် သစ်ယာကုန်းရပ်ကွက်နဲ့ ပေါ်ဦးရပ်ကွက်တွေကို အမှတ် ၄၂၂ ခြေမြန်တပ်ရင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ဒရုန်းနဲ့ Drop Bomb ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၅၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နဲ့ စက်တင်ဘာ ၅ ရက်တို့ကလည်း ဖယ်ခုံမြို့ အနောက်ဘက် လအိကျေးရွာက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ကလေးအပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကာ စစ်ဘေးရှောင်နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။















Comments