ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ ပူတင်တို့ ရုရှားမှာ တွေ့ဆုံဖို့ရှိနေ
- BVJ

- Mar 4
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁ ၊ ၂၀၂၅

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမယ့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌအပါအဝင် ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးနဲ့ ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်တွေအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
အခုလ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ နည်းပညာ၊ နျူကလီးယားနဲ့ သတ္တုကဏ္ဍအပါအဝင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၉ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ စတဲ့ စွမ်းအင်စီမံကိန်းတွေပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို ရုရှားသတင်းဌာန Interfax မှာ ဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာကိုတော့ မတွေ့ရပါဘူး။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမယ့် ရုရှားသမ္မတ ပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကိုလည်း ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဂျင်တီးနားတရားရုံးက အခုလ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံးရှေ့နေကလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်မှာ တင်ပြတောင်းဆိုထားပါသေးတယ်။
အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေထဲမှာ စစ်ကောင်စီဘက်က ၂၃ ဦးအပြင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပူးတွဲဖော်ပြထားပါတယ်။







Comments