ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းငါးဦးကို PNO က သတ်ဖြတ်ခဲ့တယ်လို့ PNLA ထုတ်ပြန်
- BVJ

- Jan 14
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၄ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိခဲ့သလို ဖမ်းဆီးခံခဲ့ရတဲ့ တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
အခုလ ဇန်နဝါရီ ၁၂ ရက်က ဆီဆိုင်မြို့နယ် ထီစုံကျေးရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာချိန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PNO ပြည်သူ့စစ်အဖွဲ့က စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၂၀ သေဆုံးခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကလည်း ပြောပါတယ်။ တိုက်ပွဲအတွင်း PNLA ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“စစ်သုံ့ပန်းတွေကို နှိပ်စက်သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်တွေက အင်မတန်အောက်တန်းကျ ယုတ်မာတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ်ရော ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က စစ်သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားပါတယ်” လို့ ခွန်းရိန်းယံကလည်း Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီအကျိုးအတွက် ပအိုဝ်းကိုယ့်လူမျိုးအချင်းချင်းကို ပြန်လည်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတာ၊ ကိုယ့်ပအိုဝ်းလူမျိုးအချင်းချင်း လူမျိုးတုံးအောင် လုပ်နေတာတွေနဲ့ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့လည်း ခွန်းရိန်းယံက ပြောပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လူမျိုးစုအချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမဟုတ်ဘဲ စစ်အာဏာရှင်ပြုတ်ကျရေးကို နိုင်ငံတစ်ဝန်း လုပ်ဆောင်နေချိန်ဖြစ်တာမို့ စစ်အာဏာရှင်အတွက် အကျိုးဖြစ်မယ့် လုပ်ရပ်တွေကို မလုပ်ဆောင်ကြဖို့ကိုလည်း ခွန်းရိန်းယံက ဆက်ပြောပါတယ်။
ထီစုံကျေးရွာတိုက်ပွဲအတွင်း PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း PNO က မနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီဝန်းကျင်ထုတ်ပြန်ခဲ့ပေမဲ့ ယင်းနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ နှိပ်စက်သတ်ဖြတ်ခံလိုက်ရတယ်လို့ PNLA က ပြောပါတယ်။ ဖမ်းဆီးခံထားရချိန် နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ PNLA တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ရုပ်ပုံတွေကိုလည်း PNO က မနေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။







Comments