ပုပ်ရဟန်းမင်းကြီးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ပေးပို့
- BVJ

- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၂၂ ၊ ၂၀၂၅

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကင်အဲရစ် (ကိုထိန်လင်း) က သူ့ရဲ့လူမှုကွန်ရက် Facebook မှာ ရေးသားဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနေ့ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မကွယ်လွန်မီလပိုင်းအလိုက အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေခဲ့ရပါတယ်။
မေတ္တာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦး၊ မြန်မာပြည်သူတွေအတွက်လည်း စစ်မှန်တဲ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအပေါ် ကျွန်တော်နဲ့ မေမေ (ဒေါ်အောင်ဆန်းစုကြည်) တို့ အလွန်ဝမ်းနည်းကြေကွဲရပါတယ်လို့ ကင်အဲရစ်က သူ့ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ကင်အဲရစ်တို့ ဗာတီကန်မှာ သီးသန့်တွေ့ဆုံခဲ့ကြသလို ၂၀၁၃ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဗာတီကန်ကို လာရောက်ချိန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်ကလည်း ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံဆုံတွေ့ခဲ့ပါသေးတယ်။
ဒီလိုတွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံနဲ့ ဗာတီကန်အကြား ပထမဆုံးအကြိမ် သံတမန်ရေး ဆက်သွယ်တွေ့ဆုံမှုဖြစ်ခဲ့တယ်လို့လည်း ကင်အဲရစ်က ရေးသားဖော်ပြထားပါတယ်။
Photo: Kim Aris's Facebook
ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါသေးတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်သူတွေအပေါ် အလေးထားစိတ်ဝင်စားမှုနဲ့ အစဉ်တစိုက် ချစ်မြတ်နိုးမှုတွေအပေါ် အမြဲဂုဏ်ယူကျေးဇူနေမှာဖြစ်တယ်လို့ ကင်အဲရစ်က ရေးသားထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့ခြင်းအတွက် မိသားစုဝင်တွေ၊ ကက်သလစ်ဘာသာဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်းနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ စာနာထောက်ထားမှုနဲ့ သူ့ရဲ့ရဲရင့်မှုစိတ်ဓာတ်ဟာ တရားမျှတမှု၊ ဂုဏ်သိက္ခာနဲ့ လူတိုင်းအတွက် အခြေခံလွတ်လပ်ခွင့်တွေအပေါ် ငြိမ်းချမ်းရေးတိုက်ပွဲဝင်နေတဲ့သူတွေအားလုံးရဲ့ ရင်ထဲမှာ ဆက်လက်ရှင်သန်နေမှာဖြစ်တယ်လို့လည်း ကင်အဲရစ်က ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့တဲ့အပေါ် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝန်း ကက်သလစ်ဘာသာဝင်တွေကလည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ်သာသနာခေါင်းဆောင်အဖြစ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ၁၂ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။











Comments