ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံး
- Zayar Oo
- Jan 2
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဒီဇင်ဘာ ၃၁ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရွာနေ အသက် ၇၆ နှစ်အရွယ် ဒေါ်မသာလှ၊ တန်းခိုးရွာနေ အသက် ၂၅ နှစ်အရွယ် မဦးဆန်းနွယ်နဲ့ ယိုးတရုပ်ရွာကို စစ်ရှောင်လာတဲ့ ကွမ်းတောင်ရွာက အသက် ၁၈ နှစ်အရွယ် ကိုမျိုးဇော်ထွန်းတို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယိုးတရုပ်ရွာမှာရှိတဲ့ ကျောင်းထိုင်ဆရာတော် တစ်ပါးအပါအဝင် ပြည်သူ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၉ နှစ်ရွယ် မောင်မျိုးဟိန်းအောင်နဲ့ ယိုးတရုပ်ရွာနေ အသက် ၄၈ နှစ်အရွယ် ဦးလှဖြူတို့ ဆေးဝါးကုသမှုခံယူဖို့ လုပ်ဆောင်နေချိန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို အာရက္ခတပ်တော် (AA) ကျန်းမာရေးဌာနက ဆေးဝါးကုသပေးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ချိန် ယိုးတရုပ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တို့ကလွဲပြီး ကျန်မြို့အားလုံးကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ ဒေသခံပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA ၊ RSO နဲ့ ARA အဖွဲ့တွေကလည်း ဒေသခံပြည်သူတွေကို ခြုံခိုတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။







Comments