ပြည်အကျဉ်းထောင်မှာ သေနတ်ပစ်ဖောက်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ
- BVJ

- Feb 25
- 1 min read
BVJ/ဇော်_ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်အာဏာပိုင်တွေနဲ့ တခြားရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်ခြိမ်းခြောက်မှုဖြစ်ပွားခဲ့တယ်လို့ Political Prisoners Network-Myanmar က သိရပါတယ်။
ဒီနေ့မနက် (၇)နာရီခွဲအချိန်ခန့်မှာ ပြည်အကျဉ်းထောင် စားရိပ်သာတာဝန်ခံ (ဖိုခေါင်း) အကျဉ်းသားလင်းထိန်က နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ လက်သီးနဲ့ ထိုးခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်အကျဉ်းထောင်က နှစ်ပွင့်အရာရှိ (ထောင်မှူး) ဦးကျော်အောင် ဖြေရှင်းပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသား (၁၀၀)ကျော်က ငြိမ်းချမ်းစွာတင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုတောင်းဆိုနေတဲ့အချိန်တွင်းမှာ အကျဉ်းထောင်အတွင်း ဗဟိုကင်းကနေ သေနတ် နှစ်ချက်ပစ်ဖောက်ခဲ့ပြီး တစ်ပွင့်အရာရှိတေဇာဝင်းရဲ့ အမိန့်ပေးစေခိုင်းမှုကြောင့် ထောင်ဝန်ထမ်း ဥက္ကာမိုးအပါ (၂)ဦးနဲ့အတူ အကျဉ်းထောင်အတွက် အလုပ်လုပ်ပေးနေတဲ့ အခြားရာဇဝတ်အကျဉ်းသားအချို့က ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓားတွေကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဝင်ရောက်ရိုက်နှက် ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
ရိုက်နှက်ခြိမ်းခြောက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား (၅) ဦး ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ခြေထောက်ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး လတ်တလောမှာတော့ ကျူးလွန်သူအရေးယူဆောင်ရွက်ပေးဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးဖို့ ဆက်လက်တောင်းဆိုနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
“ဒီနေ့ထဲမှာတော့ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိတဲ့သူကို ဆေးဝါးကုသမှုပေးဖို့ တောင်းဆိုနေတယ်လို့ ကျွန်တော်တို့ သိထားရပါတယ်။ လက်ရှိအခြေအနေအထိတော့ စားရိပ်သာ(ဖိုခေါင်း) အကျဉ်းသားလင်းထိန်ဆိုသူကို အရေးယူပေးဖို့ရယ် ဝင်ရောက်ရိုက်နှက်ကြတဲ့ အခြားရာဇဝတ်အကျဉ်းသားနဲ့ အပေါင်းအပါတွေကိုလဲ ထောင်အာဏာပိုင်တွေက တာဝန်ယူဆောင်ရွက်ဖြေရှင်းပေးဖို့ တင်ပြထားတဲ့ ကိစ္စတွေကိုတော့ ထောင်အာဏာပိုင်တွေက ဖြေရှင်းဆောင်ရွက်နေတာတော့ မရှိသေးဘူးခင်ဗျ။ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး ညီညီညွတ်ညွတ်နဲ့ တောင်းဆိုနေပါတယ်” လို့ PPNMတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။
ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်မှာဖြစ်ပြီး ဆက်လက်စောင့်ကြည့် ဝန်းရံသွားမယ့်အကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထုတ်ပြန်ထားပါတယ်။







Comments