ပြည်တွင်းပဋိပက္ခကိုမဖြေရှင်းနိုင်ရင် ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေ ပါဝင်လာလိမ့်မယ်လို့ စစ်ခေါင်းဆောင် သတိပေး
- BVJ

- Feb 13
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

ပြည်ပနိုင်ငံအချို့က ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေထိဖြစ်ပေါ်အောင် ဖန်တီးနေကြတာကြောင့် တိုင်းပြည်စည်းလုံးမှုပြိုကွဲရင် အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက်လာနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေဖို့တို့အတွက် တိုင်းရင်းသားပြည်သူအပေါင်းက စည်းလုံးညီညွတ်စွာနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဟန့်တားပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုထားပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြဖို့ကိုလည်း စစ်ခေါင်းဆောင်က ထပ်ပြီးဖိတ်ခေါ်ထားပါသေးတယ်။
အဲ့ဒီအတွက် ဒေသခံတိုင်းရင်းသားတွေကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးအားပေးကြဖို့ကို မေတ္တာရပ်ခံတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဟာ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့အတွက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို မကြာခဏဖိတ်ခေါ်ပြပေမယ့် မြေပြင်မှာလည်း စစ်ကြောင်းထိုးတိုက်ခိုက်မှုနဲ့ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေကို နေ့စဉ်လုပ်ဆောင်နေတာပါ။







Comments