top of page

ပျဉ်းမနားငလျင်ဘေး မင်းသမီးခိုင်နှင်းဝေပြန်လည်လှူဒါန်းမှုမှာ အမှန်တကယ်ငလျင်ဘေးသင့်သူတွေမရရှိတာကြောင့် ဝေဖန်ထောက်ပြသူများနေ

  • Writer: BVJ
    BVJ
  • Apr 18
  • 1 min read

BVJ/ယူဂရင်း_ ဧပြီ ၈၊ ၂၀၂၅


ree

ပျဉ်းမနားငလျင်ကြောင့်ပြိုပျက်သွားတဲ့ အိမ်ထောင်စု (၁၈၅) စုအတွက် သိန်း ၄၀၀၀ ဝန်းကျင်လှူဒါန်းခဲ့ပါတယ်ဆိုပြီး မင်းသမီးခိုင်နှင်းဝေက လူမှုကွန်ရက်(Facebook)မှာ မနေ့က ဧပြီ (၇)ရက် ဓါတ်ပုံတွေနဲ့အတူ ပိုစ့်တင်ပြီးနောက် ပျဉ်းမနားကငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသခံ အိမ်ထောင်စုတွေက လှူတာကိုမရခဲ့ဘူးလို့ မှတ်ချက်ပြု(Comment)ဝင်ရေးခဲ့ကြပါတယ်။


အဲ့ဒီမှတ်ချက်တွေကြောင့် ခိုင်နှင်းဝေဟာ အဲ့ဒီပိုစ့်ကို သုံးကြိမ်ခန့် ပြင်ဆင်ရေးသား(Edit)လုပ်ပြီးနောက်မှာ သူ့ရဲ့အကောင့်ကနေ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။


ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်က အိမ်ခြေ(၁၈၅)အိမ်အတွက် ငွေကျပ်သိန်းလေးထောင်ဝန်းကျင်ကို အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကပေးထားတဲ့စာရင်းအရ လှူခဲ့တယ်လို့ဆိုပြီး ရေစက်ချအမျှဝေနေတဲ့ ဓါတ်ပုံတွေနဲ့ ခိုင်နှင်းဝေက တင်ခဲ့ပြီးနောက် ပြန်ဖျက်ခဲ့တာပါ။


ခိုင်နှင်းဝေပိုစ့်ကို ပြန်လည်မျှဝေသူတစ်ဦးက “အဲ့ရပ်ကွက်က အဲ့လောက်ပြိုတာလား၊ သမီးတို့ကဒီဘက် ရပ်ကွက်ကဆိုတော့ မသိလို့မေးတာပါ။ ဟိုအမကြီးဆိုရင် သမီးတို့ရပ်ကွက်ကအမကြီးဆိုပြီး” ရေးထားပါတယ်။


ပျဉ်းမနားငလျင်‌ဘေး ပြန်လည်ထူထောင်ရေးအတွက် မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ထောက်ပံ့ငွေကူညီရှာဖွေပေးနေသူ ပျဉ်းမနားဒေသခံတစ်ဦးဖြစ်တဲ့ ကိုမျိုးမျိုးကျော်ဆိုသူကလည်း မခိုင်နှင်းဝေထံ အကြံပြုစာဆိုပြီး ” ဝင်မန့်ကြတဲ့သူတွေက အကုန်မရလို့ပြောနေကြတာမှမဟုတ်ပါဘူး၊ အမှန်တကယ်အိမ်ပြို၊ ပျက်စီးတဲ့သူတွေကမရဘဲ တခြားမဆိုင်တဲ့သူတွေရလို့ ဝင်ပြောကြတာဖြစ်ပါတယ်။ အဲ့ဒါကို ပိုစ့်ကို အမျိုးမျိုး edit လိုက်၊ only me တာလား ဖျက်ပစ်တာလားမသိ၊ ခဏကြာတော့ ပိုစ့်မရှိတော့ပြန်ဘူး၊ မကြာပါဘူး ပိုစ့်အသစ်ပြန်တင်လိုက်နဲ့ တာဝန်ခံဖြေရှင်းတာမလုပ်ဘဲ ရှောင်ပြေးနေတာ။တကယ်တမ်း စာရင်းသေချာမစိစစ်ဘဲ ပြီးစလွယ် ပရမ်းပတာလှူမိတာဆိုရင် ဝန်ခံရမယ်၊ တောင်းပန်ရပါမယ်။ အလှူရှင်တွေက ကိုယ့်ချွေးနဲစာထဲက စေတနာအပြည့်နဲ့ ကိုယ့်ကို ယုံကြည်ပြီးလှူတာဖြစ်တဲ့အတွက် တာဝန်ယူမှုအပြည့်ရှိရပါမယ်”လို့ ရေးသားထားပါတယ်။



မင်းသမီးခိုင်နှင်းဝေတင်ခဲ့ပြီး၊ အကြိမ်ကြိမ်ပြင်ဆင်ပြီးနောက် ဖြုတ်ချသွားသော ပိုစ့်များ(ဓါတ်ပုံ-Myo Myo Kyaw)


ဒါ့အပြင် ၂၀၁၉ခုနှစ် MIMU စာရင်းအရ ပျဉ်းမနားမြို့ပေါ်မှာ ရပ်ကွက် (၇)ခုရှိပြီး ငလျင်ကြောင့်ရပ်ကွက် တစ်ခုထဲက အိမ်ခြေ (၁၈၅)လုံးပျက်ဆီးတာမရှိဘဲ ငလျင်ကြောင့် ပျဉ်းမနားရှိရပ်ကွက်ပေါင်းစုံက အိမ်ခြေ နှစ်ရာကျော်ပျက်ဆီးခဲ့တယ်လို့ မြေပြင်ကောက်ယူထားတဲ့စာရင်းတွေအရ သိရကြောင်းကို ရေးသားဖော်ပြထားပါတယ်။


”သိန်း ၄၀၀၀ ဆိုတာ ပျဉ်းမနားမြို့ငယ်လေးအတွက်တကယ်များတဲ့ပမာဏပါ။ အဲ့လောက်ငွေကိုလည်း ပရဟိတလုပ်နေတဲ့ ခိုင်နှင်းဝေမို့လို့ကို လူတွေက လှူကြတာပါ။ အမှန်ပြိုပျက်တဲ့အိမ်ထောင်စုတွေကို သေချာစိစစ်လှူရင် သူတို့တွေအိမ်ပြန်ဆောက်ဖို့အတွက် အတိုင်းအတာတခုထိထောက်ပံ့လိုက်သလို ထိရောက်ပါတယ်။ အခုဟာက အများပြည်သူက ယုံကြည်လို့လှူထားတာကို ပြီးပြီးရော သေချာစီမံမခန့်ခွဲဘဲ လှူလိုက်တာမျိုးဖြစ်နေတာ။ စေတနာတကယ်ရှိပြီး အဆင်ပြေစေချင်လို့ လှူတာမဟုတ်ဘဲ ဓာတ်ပုံရိုက်ပြီး social media မှာ တင်ချင်ရုံ၊ နာမည်ကြီးချင်ရုံသက်သက်လုပ် နေတာမျိုး မဟုတ်ဖို့လိုပါတယ်”ဆိုပြီး ကိုမျိုးမျိုးကျော်က ရေးထားပါတယ်။


မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ရှိ မြန်မာငလျင်‌ဘေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ လှူဒါန်းကြသူတွေထဲမှာ မင်းသမီးခိုင်းနှင်းဝေဆီကတဆင့် လှူဒါန်းကြသူတွေများပြားတာကြောင့် အလှူငွေ သိန်းထောင်ပေါင်းများစွာရရှိခဲ့ပါတယ်။


ဒါပေမယ့် ခိုင်နှင်းဝေရဲ့ ပြန်လည်ခွဲဝေလှူဒါန်းမှုဟာ စနစ်မကျဘဲ စစ်ကောင်စီနဲ့လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ညွှန်ကြားမှုနဲ့သာလုပ်ဆောင်နေတဲ့အတွက် အမှန်တကယ်လိုအပ်တဲ့ ငလျင်ဒဏ်ခံရတဲ့ဒုက္ခရောက်နေသူတွေဆီမရောက်တာကြောင့် ဝေဖန်ထောက်ပြမှုတွေ မြင့်တက်နေတာပါ။


“အခု ပျဉ်းမနားမြို့အပါအဝင် ရှေ့မှာလှူခဲ့ပြီးတဲ့မြို့တွေ၊ နေရာတွေကို လှူပြီးပြီမလို့ ရထားတဲ့သူတွေဆီကပြန်တောင်းလို့လည်း မရတော့ပါဘူး။ လုပ်လို့ရတာကတော့ ကိုယ်‌ေ-ာက်တလွဲလုပ်မိတာကို တာဝန်ယူဝန်ခံတာနဲ့ နောက်လှူမယ့်နေရာတွေကျရင် မလှူခင် မြေပြင်အခြေအနေကို ကိုယ့်အဖွဲ့တွေကို စုံစမ်းခိုင်း၊ ပရဟိတအဖွဲ့တွေကိုချိတ်ဆက်ပြီး အများလှူထားတဲ့ အလှူငွေတွေကို သေချာစီမံပြီး လှူပေးပါလို့ အလှူရှင်တွေကိုယ်စား အကြုံပြလိုက်ရပါတယ် မခိုင်နှင်းဝေရေ”လို့ ကိုမျိုးမျိုးကျော်က ထောက်ပြရေးသားထားပါတယ်။


ပြီးခဲ့တဲ့ရက်ကလည်း ငလျင်ဒဏ်ခံစားရသူတစ်ဦးက သူတို့နေရာကိုလည်းလာကူညီပေးဖို့ ခိုင်နှင်းဝေဆီ အကူအညီတောင်းခဲ့ပေမယ့် လှူဒါန်းမယ့်စာရင်းထဲမှာ အဲ့ဒီနေရာမပါဝင်ကြောင်း ခိုင်နှင်းဝေကပြန်အကြောင်းပြန်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေများပြားခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page