ပြောင်းဖူးစေ့သယ်တဲ့ကားထဲ ပုန်းလိုက်လာတဲ့ မြန်မာ ရှစ်ဦးကို ထိုင်းစစ်တပ်ဖမ်းမိ
- BVJ

- Feb 10
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၆ ၊ ၂၀၂၅

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပရပ်ကွက် Huai Hin Fon ရွာအနီးမှာ ပြောင်းဖူးစေ့တွေ သယ်လာတဲ့ထရပ်ကားအတွင်း ပုန်းပြီးလိုက်ပါလာတဲ့ တရားမဝင် မြန်မာ (၈)ဦးကို ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် တစ်နာရီဝန်းကျင်မှာ မဲဆောက်မြို့အထွက် Huai Hin Fon ရွာ စစ်ဆေးရေးဂိတ်နားမှာ ပြောင်းဖူးစေ့ကားထဲ မြန်မာအမျိုးသမီး (၂)ဦးနဲ့ အမျိုးသား(၆)ဦးကို ထိုင်းနယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းဆီးမိသူတွေရဲ့ထွက်ဆိုချက်အရ သူတို့တွေဟာ ဘန်ကောက်မြို့အနီး ဆမွတ်ပရာခန်းမှာ အလုပ်သွားလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ကိုတင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းဖြစ်သူကိုလည်း ထိုင်းရဲတပ်ဖွဲ့က အတူဖမ်းဆီးထားပြီး မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးတွေကို စီမံချက်ကာလ သတ်မှတ်ဖော်ဆောင်ပြီး ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေက အလေးထားလုပ်ဆောင်နေချိန် တရားမဝင် ဝင်ရောက်လာသူတွေနဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အခုရက်ပိုင်းအတွင်းမှာ မကြာခဏ ဖမ်းဆီးခံနေရတာမျိုး ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေက လုပ်ငန်းသုံးဆိုင်ရာပစ္စည်းတွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေချိန် ကျားဖြန့်လုပ်ငန်းအတွင်း အသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ အင်တာနက်အသုံးပြု ဆက်စပ် အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း မဲဆောက်မြို့နယ်နားမှာ ဖမ်းဆီးရမိနေတာတွေလည်း ရှိနေပါတယ်။







Comments