ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့ဥပဒေ စစ်ကောင်စီထုတ်ပြန်
- BVJ

- Feb 20
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၅

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်နဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စစ်ကောင်စီ တာဝန်ပေးပါက လိုက်နာလုပ်ဆောင်ဖို့ ပြဌာန်းထားတဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ ထုတ်ပြန်တဲ့ဥပဒေမှာ ခွင့်ပြုထားတဲ့ လိုင်စင်ရရှိသူတွေဟာ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ကိုင်ချိန် လိုအပ်ချက်အရ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်လျှောက်ထားပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်နယ်/တိုင်းအလိုက် ဗဟိုကော်မတီက စိစစ်ကြပ်မတ် ကြီးကြပ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုများအတွက် စစ်ကောင်စီက တာဝန်ပေးအပ်လာပါက ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ တာဝန်တွေကို ငြင်းပယ်ခွင့်မရှိဘဲ လိုက်နာရမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေမှာ စစ်ကောင်စီ ခွင့်ပြုထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဟာ နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်ပါက မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းပါရှိရမယ်လို့ ဖော်ပြထားတာကြောင့် ကုမ္ပဏီတွေမှာ နိုင်ငံခြားသား ၂၅ ရာခိုင်နှုန်း ခွင့်ပြုထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းတွေ၊ နည်းပညာဆိုင်ရာ လုံခြုံရေးအထောက်အကူပြုပစ္စည်းတွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်းတွေကို စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့အညီ လုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဆီမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီမှာပါဝင်သူတွေဟာ တူညီဝတ်စုံ၊ အမှတ်တံဆိပ်၊ အဆင့်တံဆိပ်တို့ကို ဝတ်ဆင်အသုံးပြုရမယ်လို့ဖော်ပြထားပြီး ၁၀ ဦးနဲ့အထက် ဝန်ထမ်းခန့်မယ်ဆိုပါက အခုပြဌာန်းတဲ့ဥပဒေထုတ်ပြန်တဲ့နေ့ကစပြီး ၆ လအတွင်း လျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။
ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေအနေနဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ရုံး၊ နေအိမ်၊ သိုလှောင်ရုံ၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံ၊ ဟိုတယ်၊ ယဏ်၊ ကျောင်း၊ ဈေး၊ ဆေးရုံ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ အများပြည်သူဆိုင်ရာ အခမ်းအနား၊ သာသနိကနေရာတွေမှာပါ ဝန်ဆောင်မှု ဆောင်ရွက်နိုင်တယ်လို့လည်း စစ်ကောင်စီက ဖော်ပြထားပါတယ်။







Comments