" ပဥ္စလက်တို့၏ အနှစ်မဲ့ခွန်အား "
- aung thwin
- Jul 16
- 2 min read
လင်းယုန်နက်

၂၀၂၆ခုနှစ် ဇူလိုင်၁၂ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးအတု ဦးတင်မောင်ဆွေ ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလွတ်သဘောတွေ့ဆုံခဲ့မှုဟာ မြန်မာနိုင်ငံအတွင်းမှာရော၊ ဒေသတွင်းမှာပါ ဂယက်ရိုက်မှုကြီးဖြစ်စေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံရေးအရ ကိုယ်စားပြုမှုရှိတဲ့ ပုဂ္ဂိုလ်ကိုလက်ခံတွေ့ဆုံခဲ့တာ မရှိတဲ့အတွက်၊ အခုလိုတွေ့ဆုံမှုဟာ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေးအရ ကိုယ်စားပြုသူကို လက်ခံတော့မယ့်သဘောလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။မြန်မာပြည်သူတွေ ကြားထဲမှာလည်း စစ်အုပ်စုရွေးကောက်ပွဲအတုလုပ်ပြီး အစိုးရအတုဖွဲ့စည်းထားတဲ့အပေါ်အာဆီယံက အသိအမှတ်ပြုတော့မယ့် ပထမခြေလှမ်းလားလို့ မေးခွန်းထုတ်ပြီး စိုးရိမ်စိတ်တွေဝင်လာကြပါတယ်။
ဒီတော့ဇူလိုင်၁၂ရက် တွေ့ဆုံမှုက ဘယ်လိုအဓိပ္ပယ်သက်ရောက်တယ်ဆိုတာကြည့်ကြရအောင်ပါ။ အရင်ဆုံး ခေါင်းထဲထည့်ထားရမှာက အလွတ်သဘောတွေ့ဆုံမှုဆိုတဲ့ ခေါင်းစဥ်ပါ။ အလွတ်သဘောတွေ့ဆုံမှု ဆိုတာက တရားဝင်တွေ့ဆုံမှုမဟုတ်ဘူးဆိုတဲ့ အဓိပ္ပယ်ပါပဲ။ ဒီတွေ့ဆုံပွဲအပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာပရဲညို လာဇာရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ရဲ့ဖြေကြားချက်တွေကို ကြည့်လိုက်ရင် ဒီအဓိပ္ပယ်ကို ရှင်းရှင်းလင်းတွေ့ရမှာပါ။
ပထမဦးဆုံးအချက်ကတော့ အခုလိုအလွတ်သဘောတွေ့ဆုံရာမှာ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို ဆုပ်ကိုင်ပြီးတွေ့ဆုံခဲ့တာဖြစ်သလို အနာဂတ်ကာလမှာလည်း မြန်မာ့အရေးကို ဖြေရှင်းရာမှာ ဒီဘုံသဘောတူချက်(၅)ချက်ကို ဆုပ်ကိုင်ထားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းအခိုင်အမာပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ရဲ့သတင်းသမားတွေရဲ့မေးခွန်းဖြေကြားချက်တွေကို ကြည့်လိုက်ရင် အခုအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ဘုံသဘောတူချက်(၅)ချက်ကို ဘယ်လိုဗျူဟာနဲ့အကောင်အထည်ဖေါ်မလဲဆိုတာ ချိန်ဆတွက်ချက်ဖို့ဆိုတာက ထင်ထင်ရှားရှားပေါ်လွင်နေပါတယ်။

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ တစ်ဆင့်ပြီးတစ်ဆင့် သတိထားချဥ်းကပ်ဆောင်ရွက်သွားမှာဖြစ်ပြီး ဘယ်နေ့အပြီးဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပဲ ဖြစ်ပေါ်လာတဲ့ တိုးတက်မှုအလိုက် လိုအပ်သလိုအကောင်အထည်ဖေါ်သွားမယ်ဆိုတဲ့သဘော ရှင်းလင်းပြောဆိုသွားပါတယ်။ ဒီအခြေခံသဘောထားနဲ့ ချဥ်းကပ်ဆောင်ရွက်ရာမှာ ဘက်တစ်ဘက်ထဲရပ် ဆောင်ရွက်သွားမှာမဟုတ်ပဲ၊ ဘုံသဘောတူချက်(၅)ချက်နဲ့အညီအရေးပါတဲ့ အင်အားစုအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာကို အခိုင်အမာကတိပြုပြောကြားသွားပါတယ်။
ဒီတော့လက်ရှိအခြေအနေဟာ မြန်မာပြည်သူတွေအတွက် စိုးရိမ်စရာလားလို့မေးရင် စိုးရိမ်စရာမဟုတ်ပါဘူးလို့ပဲဖြေမှာပါ။ ဒါပေမဲ့ စိုးရိမ်စရာအလားအလာတွေတော့ ရှိနေပါတယ်။ အလားအလာဆိုတာက ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပယ်ပါ။ ကြည့်ရအောင်ပါ။ အာဆီယံအနေနဲ့ စစ်အုပ်စုက အာဏာသိမ်း၊ ရွေး ကောက်ပွဲအတုလုပ်၊ အစိုးရအတုဖွဲ့စည်းထားတာသိပေမယ့် မြန်မာ့အရေးဖြေရှင်းရေးမှာ စစ်အုပ်စုကို လုံးဝဘေးဖယ်ထားလို့မရပါဘူး။ ဘုံသဘောတူညီချက်(၅)ချက်အရ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရမှာပါ။ လက်တွေ့မှာလည်း စစ်အုပ်စုရဲ့ အစိုးရတုဟာ တိုင်းပြည်နယ်မြေရဲ့ လေးပုံတစ်ပုံခန့်ကိုပဲ ထိန်းချူပ်ထားနိုင်တယ်ဆိုပေမယ့် တိုင်းပြည်ရဲ့ အရေးပါတဲ့ ယန္တရားတွေကို ထိန်းချုပ်ထားဆဲဖြစ်တာမို့လို့ ဘေးဖယ်ထားလို့မရပါဘူး။ ဒါကြောင့် ဇူလိုင်(၁၂)ရက် ဗန်ကောက်အလွတ်သဘောတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အာဆီယံအပေါ်နားလည်မှုပေးဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့အာဆီယံရဲ့ ဒီကနဦးအစပျိုးခြေလှမ်းဟာ အချိန်အဆလွဲပြီး ‘လမ်းချော်’ ‘လမ်းပျောက်’ ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတာကိုလည်း မေ့မထားဖို့လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရိမ်ကြီးပြီး ကြောက် လန့်တကြားကန့်ကွက်၊ တိုက်ခိုက်တာမျိုးကိုလည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ပကတိ လိုအပ် ချက်အပေါ် တည်တည်ငြိမ်ငြိမ်နဲ့ကိုင်တွယ်ဖြေရှင်းနေပါတယ်ဆိုတဲ့ပုံရိပ်ကို ပီပီပြင်ပြင်ပြသဖို့ လိုအပ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ဘယ်လိုမူဝါဒတွေရှိစေချင်တယ်ဆိုတဲ့ သဘောထားတစ်ရပ်ကို တိတိကျကျထုတ်ပြန်ဖို့လိုအပ်နေပါပြီ။ မြန်မာ့အရေးဖြေရှင်းရာမှာ NUG ကိုဘေးဖယ်ထားလို့မရဘူး ပြောနေရုံလောက်နဲ့ မလုံလောက်ပါဘူး။ NUG က ဖက်ဒရယ် ဒီမိုကရေစီအင်အားစုတွေ ကို ကိုယ်စားပြုနိုင်တယ်ဆိုတာ အခုထက်ပိုပြီး အားကြိုးမာန်တက် အကောင်အထည်ဖေါ်ဖို့ လိုအပ်နေပါသေးတယ်။
စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစ်မတစ်ယောက်လို စောင့်ရှောက်ထားပါတယ်ဆိုတဲ့ မရေမရာ အနှစ်သာရမဲ့ စကားလုံးတွေထက်ပိုတဲ့ ကတိကဝတ်မျိုးကို လုပ်နိုင်စွမ်းမရှိပါဘူး။ အမျိုသားညီညွတ်ရေး အစိုးရ (NUG)ကသာ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်ရင် အခြေအနေက ကိုယ့်ဘက်က အသာအနေအထားမှာရှိနေတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လုပ်ရမှာဟာ အာဆီယံကြိုးပမ်းနေတဲ့ တွေ့ဆုံဆွေးနွေးရေးကို ကန့်ကွက်ရမှာမဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးရေးကို ကိုယ့်ဦးတည်ချက်အတိုင်း ဖြစ်လာအောင်ဦးဆောင်ကြိုးပမ်းရမှာပါ။ ပထမဦးဆုံးလုပ်ရမှာက တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့သဘောထားကို ထုတ်ပြန်ရမှာပါ။

စာရေးသူရဲ့ အမြင်အရ NUGအနေနဲ့
(၁) ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရမယ် ။
(၂) စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းရမယ်။
(၃) အကူအညီအထောက်အပံ့တွေကို နေရပ်စွန့်ခွာ ဒုက္ခသည်လက်ထဲအရေးပေးပို့နိုင်ရမယ်။
(၄) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ထူထောင်ရမယ် ဆိုတဲ့အချက်တွေကို သဘောတူမယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ပါဆိုတာကို တရားဝင်ကြေညာရပါမယ်။
စစ်အုပ်စုက ဘယ်လိုမှလက်ခံသဘောတူမှာမဟုတ်ပေမယ့် ဖြစ်မလာတဲ့ ဆွေးနွေးပွဲအတွက် သူတို့တာဝန်ခံရမှာပါ။တစ်ဖက်မှာလည်း စစ်အုပ်စုက နိုင်ငံရေးအရဖြေရှင်းလိုစိတ်မရှိဘူး ဆိုတာကို အချက်အလက်နဲ့ နိုင်ငံ တကာကို သက်သေထူပြဖို့လိုအပ်ပါတယ်။ စစ်အုပ်စုရဲ့လွှတ်တော်တုက ဆာဆီယံ ဘုံသဘောတူညီချက်(၅) ချက်အပေါ် ပယ်ချခဲ့တာအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ အပြုသဘောချဥ်းကပ်ပုံတွေအပေါ် အမြတ်ထုတ်ခဲ့တာတွေကို မပြတ်၊ တရားဝင်ထုတ်ဖေါ်ပြောဆိုဖို့ လိုအပ်ပါတယ်။
စစ်အုပ်စုရဲ့လွှတ်တော်တုမှာ နိုင်ငံခြားရေးဝန်ကြီးတုက ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားနဲ့ လာအို နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလာရောက်ခဲ့တာက သူတို့အစိုးရတုအပေါ်ထောက်ခံဖို့ လာသလိုလို အမြတ်ထုတ်ပြောဆိုခဲ့တာတွေကို ထောက်ပြဖို့လိုအပ်ပါတယ်။ လွှတ်တော်တုမှာ နိုင်ငံခြားရေး ဝန်ကြီးတုက အာဆီယံနဲ့ ပတ်သက်ပြီးရှင်းလင်းရာမှာ မအလရဲ့ တရုတ်နိုင်ငံခရီးစဥ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်ချက်အပေါ် သူတို့လိုသလို အမြတ်ထုတ်သွားတာမျိုးတွေကိုပါ ခိုင်ခိုင်မာမာ ထောက်ပြဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်သဘောထားကို တင်ပြရာမှာ “ပြည်သူတွေရဲ့ထောက်ခံမှုရဖို့လိုအပ်တယ် “ဆိုတဲ့စကားစုကို ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့တာပါ။

အာဆီယံရဲ့ချဥ်းကပ်ပုံမှာ “အချိန်ကန့်သတ်ချက်၊ စည်းကမ်းကန့်သတ်ချက်မပါ “တဲ့ အားနည်းချက်ကို အသုံး ချပြီး အာဆီယံက သူတို့အပေါ် ထောက်ခံလာတော့မလိုလို စစ်အုပ်စုကဝါဒဖြန့်ပြီး သူတို့အာဏာသက်တမ်း ဆွဲဆန့်ဖို့ကိုပဲ ကြိုးပမ်းမယ်ဆိုတာကို ထောက်ပြရမှာပါ။ အခုကိုပဲ မအလရဲ့ အိန္ဒိယ၊တရုတ်၊လာအို ခရီးစဥ်တွေကို အသုံးချပြီး သူတို့အပေါ်အာဆီယံအပါအဝင် နိုင်ငံတကာကကထောက်ခံနေပြီလို့ မျက်လှည့်ပြဖို့ကြိုးပမ်းနေတာပါ။ ဒီအချက်ကို အာဆီယံကလေးလေးနက်နက် သဘောပေါက်လာအောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။
အာဆီယံအလှည့်ကျဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့သလို၊ စစ်အုပ်စုအင်အားစုတွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကိုကြည့်ရင်လည်းပဲ အာဆီယံဟာ စစ်အုပ်စုဘက်နဲ့ရော၊ ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုတွေနဲ့ပါတွေ့ဆုံခဲ့တာကို တွေ့ရမှာပါ။
ပြည်သူတွေအနေနဲ့ အာဆီယံရဲ့ဒီခြေလှမ်းတွေအပေါ် အစိုးရိမ်လွန် စိတ်ပျက်စရာအကြောင်းလုံးဝမရှိပါဘူး။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အပေါ် မျှော်လင့်ချက်ဆုပ်ကိုင်ထားသရွေ့ ဒီမျှော်လင့်ချက်အပေါ် အာဆီယံ အပါအဝင် ဘယ်အင်အားစုကမှ ရိုက်ချိုးနိုင်တဲ့အင်အားမရှိပါဘူး။ သမိုင်းရေစီးကြောင်းအရ ဦးဆောင်မှုနေရာ ရယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အခုအချိန်မှာ ကျန်ဖက်ဒရယ် ဒီမိုကရေစီအင်အားစုတွေနဲ့ တစ်သားတည်းဖြစ်အောင် မီးကုန်ယမ်းကုန်ကြိုးပမ်းအားထုတ်ရမယ့်အချိန်ရောက်နေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ခေါင်းဆောင်မှုအနေအထားကို ဒီ ကြိုးပမ်းအားထုတ်မှုကပဲ ထုဆစ်ပုံဖော်သွားမှာပါ။




Comments