နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေထွက်ခဲ့ရတယ်လို့ ကိုးကန့်အဖွဲ့ ကျန်းမာရေးဝန်ထမ်း ပြော
- BVJ

- Apr 26
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၂၆ ၊ ၂၀၂၅

လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) ပြန်လည်ဆုတ်ခွာခဲ့ရတာဟာ နိုင်ငံရေးဖိအားတွေကြောင့်ဖြစ်တယ်လို့ MNDAA လက်အောက်ခံ ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးရဲ့ ထုတ်ဖော်ပြောကြားမှုကို The Kokang က ဒီနေ့ ဧပြီ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တပ်တွေက သိမ်းယူပြီးချိန် အပျက်အစီးတွေကြားကနေ လားရှိုးမြို့ကို ပြန်လည်ထူထောင်ခဲ့ရသလို လားရှိုးဆေးရုံ ပြန်လည်လည်ပတ်နိုင်ရေးကိုလည်း အဓိကထားလုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ပိတ်ခဲ့ရတဲ့အပေါ် ကျန်းမာရေးဝန်ထမ်းတွေကလည်း စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင်လ သိမ်းယူပြီးချိန် လားရှိုးမြို့တစ်ခုလုံးကို ဩဂုတ်လဆန်းပိုင်းမှာ MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အရှက်တကွဲ စစ်ရေးရှုံးနိမ့်ပြီး လားရှိုးမြို့ကို စွန့်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီက မြို့ပေါ်ပြည်သူတွေကို ပစ်မှတ်ထားကာ လူနေရပ်ကွက်၊ ဆေးရုံ၊ စာသင်ကျောင်းနေရာတွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တရုတ်အစိုးရကလည်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို ပိတ်ဆို့ကာ ကုန်သွယ်ရေးဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် MNDAA တပ်ဖွဲ့အပေါ် နိုင်ငံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့သလို ကိုးကန့်ခေါင်းဆောင် စစ်ဦးစီးချုပ် ဦးဖုန်တာရွှင်ကိုလည်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဦးဖုန်တာရွှင်ဟာ တရုတ်နိုင်ငံတွင်းမှာ ကျန်းမာရေးအရ ဆေးဝါးကုသမှုခံယူနေရတယ်လို့သာ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရဲ့ဖိအားမျိုးစုံကြောင့် လားရှိုးမြို့ကနေ MNDAA က အခုလ ၂၁ ရက်နေ့မှာ အပြီးတိုင်ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီက ၂၂ ရက်နေ့မှာ စစ်ကားအစီးရေ ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ကလည်း လားရှိုးမြို့မှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီး နှစ်ဖက်အပစ်ရပ်ရေးကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရရဲ့ အကူအညီနဲ့အတူ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့တာကြောင့် MNDAA အုပ်ချုပ်ချိန် လားရှိုးမြို့မှာ ခိုလှုံခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ CDM ဝန်ထမ်းတွေဟာ အခြားဒေသ ဘေးကင်းလုံခြုံမယ့်နေရာကို နေရပ်စွန့်ခွာထွက်ခွာသွားကြပြီလည်း ဖြစ်ပါတယ်။







Comments