နောင်ချိုမြို့နယ် ရွှေမုဌောရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
- BVJ

- Mar 4
- 1 min read
BVJ/ဇော် _ မတ် ၁ ၊ ၂၀၂၅

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ် ရွှေမုဌောရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး သီလရှင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၈ ရက်က နေ့လည် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာလည်းဖြစ်ပြီး ဒေသခံနေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက် TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲနောက်ပိုင်း TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ရွာကြား တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုလက်နက် အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
အခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲတို့က ဒေသခံပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







Comments